စီရော်နယ်လ်ဒို၏ အေးဂျင့်ဂျော့ချ်မန်ဒက်စ်သည်၂၀၂၀ ခုနှစ်အတွင်း ကစားသမား အပြောင်းအရွှေ့များမှ ကော်မရှင်ခ အမေရိကန်ဒေါ်လာ (၁၀၄)သန်းရရှိခဲ့ကြောင်း သိရသည်။
ဂျော့ချ်မန်ဒက်စ်၏ Gestifute ကစားသမားအေဂျင်စီသည် စီရော်နယ်လ်ဒို၊ ဘာနာဒိုဆေးလ်ဗား၊ ဖာဘင်ညို၊ ဒီယက်စ်၊ အီဒါဆန် အစရှိသည့်ကစားသမားအများအပါအဝင် ပေါ်တူဂီကြယ်ပွင့်များအတွက် အေးဂျင့်အဖြစ် ဆောင်ရွက်နေသည်။
Forbes မဂ္ဂဇင်း၏ဖော်ပြချက်အရ Gestifute သည် အမေရိကန်ဒေါ်လာ (၁ .၀၄) ဘီလီယံအထိ စျေးကွက်တန်ဖိုးရှိနေကြောင်း သိရသည်။
ဂျော့ချ်မန်ဒက်စ်၏ Gestifute ကစားသမားအေဂျင်စီသည် ကော်မရှင်ခအမေရိကန်ဒေါ်လာ (၁၀၄)သန်းရရှိခဲ့သော်လည်း အားကစားလောကတွင် ကော်မရှင်ခအများဆုံး ရရှိသည့်အေးဂျင့်မှာ ဘေ့စ်ဘောလောကကို ချုပ်ကိုင်ထားသော စကော့ဘိုရက်စ် ဖြစ်သည်။
စကော့ဘိုရက်စ်သည် ၂၀၂၀ ခုနှစ်အတွင်း အပြောင်းအရွှေ့ (၁၃)ခုပြုလုပ်ပြီး သူ၏ Boras Corporation သည် ကော်မရှင်ခ အမေရိကန်ဒေါ်လာ (၁၆၁ .၁)သန်းအထိ ရရှိခဲ့သည်။
ထို့ပြင် ဘောလုံးလောကတွင်လည်း ဂျော့ချ်မန်ဒက်စ်သည် ကော်မရှင်ခ အများဆုံးရရှိသူမဟုတ်ဘဲ ဂါရတ်ဘေးလ်၏ အေးဂျင့် ဂျိုနသန်ဘားနက်က ကော်မရှင်ခ အမေရိကန်ဒေါ်လာ (၁၄၂ .၃)သန်းအထိ ရရှိကာ ၂၀၂၀ ခုနှစ်အတွင်း ဘောလုံးလောကတွင် ကော်မရှင်ခအများဆုံးရရှိသူအဖြစ် ရပ်တည်ခဲ့သည်။















