၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရိုက်ခတ်မှုကြောင့် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကျင်းပရန် စီစဉ်ထားသည့် အားကစားပြိုင်ပွဲများစွာ ရွှေ့ဆိုင်း/ဖျက်သိမ်းခြင်း ပြုလုပ်ခဲ့ရပြီး အားကစားပြက္ခဒိန် ပျောက်ဆုံးလုနီးပါးဖြစ်ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်သည်။
လေကြောင်းခရီးစဉ်များ ရပ်နားထားရခြင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ သွားလာရခက်ခဲခြင်းများကြောင့် အားကစားပြိုင်ပွဲများအားလုံး ပုံမှန်အတိုင်း ပြန်လည်ကျင်းပရန် အခက်အခဲရှိသော်လည်း အားကစားလောကမှ တာဝန်ရှိသူများမှာ ပြိုင်ပွဲများအားလုံး ရပ်တန့်လိုက်ခြင်းမရှိဘဲ နည်းပညာခေတ်ဖြစ်သည့် အားလျော်စွာ အွန်လိုင်းမှတစ်ဆင့် အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။ အားကစားနည်းအားလုံး အွန်လိုင်းမှကျင်းပရန် မဖြစ်နိုင်သော်လည်း တိုက်ကွမ်ဒိုအားကစားနည်းမှာမူ ကကွက်ပြိုင်ပွဲအမျိုးအစားကို အွန်လိုင်းမှကျင်းပရန် အဆင်ပြေသဖြင့် နှစ်လယ်ပိုင်းကတည်းက စဉ်ဆက်မပြတ် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာပြိုင်ပွဲများနှင့် အဆက်မပြတ်စေရန် အွန်လိုင်းမှကျင်းပသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများရယူနိုင်ခဲ့သည်မှာ ထူးခြားမှုတစ်ခုဖြစ်သည်။
မြန်မာတိုက်ကွမ်ဒိုအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အွန်လိုင်းမှကျင်းပသည့် နိုင်ငံတကာပြိုင်ပွဲများစွာ ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲရှစ်ခုတွင် အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ ဇွန်လတွင် မလေးရှားနိုင်ငံက တာဝန်ယူကျင်းပသည့်ပြိုင်ပွဲ၌ ရွှေသုံးခု၊ စက်တင်ဘာတွင် ထိုင်းနိုင်ငံက တာဝန်ယူကျင်းပသည့် ပြိုင်ပွဲ၌ ရွှေလေးခု၊ ငွေတစ်ခု၊ ကြေးသုံးခု၊ စက်တင်ဘာတွင် အီရန်နိုင်ငံက တာဝန်ယူ ကျင်းပသည့်ပြိုင်ပွဲ၌ ရွှေငါးခု၊ ငွေတစ်ခု၊ ကြေးလေးခု၊ အောက်တိုဘာတွင် ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူကျင်းပသည့်ပြိုင်ပွဲ၌ ရွှေနှစ်ခု၊ ငွေနှစ်ခု၊ အောက်တိုဘာတွင် ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူကျင်းပသည့် ကမ္ဘာ့ပြိုင်ပွဲ၌ ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု၊ နိုဝင်ဘာတွင် နီပေါနိုင်ငံက တာဝန်ယူကျင်းပသည့်ပြိုင်ပွဲ၌ ရွှေတစ်ခု၊ နိုဝင်ဘာတွင် တောင်ကိုရီးယားနိုင်ငံက တာဝန်ယူကျင်းပသည့်ပြိုင်ပွဲ၌ ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု၊ နိုဝင်ဘာတွင် တောင်ကိုရီးယားနိုင်ငံက တာဝန်ယူကျင်းပသည့် ကမ္ဘာ့ပြိုင်ပွဲ၌ ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု ဆွတ်ခူးရရှိခဲ့သည်။ ထို့ကြောင့် မြန်မာတိုက်ကွမ်ဒိုအဖွဲ့၏ အောင်မြင်မှုများကို အားကစား ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။
ကပ်ရောဂါကာလအတွင်း ပြည်တွင်း၌ အွန်လိုင်းမှပြိုင်ပွဲကျင်းပသည့် အားကစား အဖွဲ့ချုပ်များလည်းရှိပြီး ကရာတေးနှင့် တိုက်ကွမ်ဒိုပြိုင်ပွဲများ ကျင်းပခဲ့သည်။









