ဖျော်ဖြေမှုများရပ်ဆိုင်းထားရသည့် မြန်မာ့ဇာတ်သဘင်အတွက် အားထားလာရသည့် အွန်လိုင်းဇာတ်သဘင် ဖျော်ဖြေမှုများအကြောင်းကို Weekly Eleven ဂျာနယ်၏ ယခုနှစ်ထင်ရှားကျော်ကြား ကဏ္ဍတွင် ရွေးချယ်တင်ပြအပ်သည်။
ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေးဖြင့် ကျင်းပရသည့် ပွဲလမ်းသဘင်များရပ်နားခဲ့ရပြီး ထိုအထဲတွင် ဇာတ်သဘင်တင်ဆက်မှုများလည်း ပါဝင်ခဲ့သည်။ ရပ်နားခဲ့ရသည့် မြန်မာ့ဇာတ်သဘင် ဖျော်ဖြေမှုများကို အွန်လိုင်းပေါ်တွင် ပထမဆုံးတင်ဆက်မှု ပုံစံသစ်တစ်မျိုးဖြင့် တင်မောင်ဆန်းမင်းဝင်းနှင့် ဟန်ဇာမိုးဝင်းတို့၏ “မာလာမြိုင် မိုးရာသီ သဘင်ပွဲတော်” ကို တင်ဆက်ခဲ့သည်။
ဇူလိုင်လကုန်ပိုင်းတွင် ပထဆုံးစတင်လာသည့် မြန်မာ့ဇာတ်သဘင်၏ အွန်လိုင်းတင်ဆက်မှုနှင့်ပတ်သက်၍ “COVID-19 ကာလမှာ အိမ်မှာပဲနေနေကြပြီး ကျွန်တော်တို့တွေလည်း မဆုံဖြစ်ခဲ့ဘူး။ နောက်သဘင်လောကသားတွေ အခက်အခဲဖြစ်ကြတယ်။ သူတို့တွေကိုလိုက်ပြီး ကူညီမှုတွေ လုပ်တဲ့အချိန်မှာ ကျွန်တော်နဲ့ အစ်ကို (တင်မောင်ဆန်းမင်းဝင်း) နဲ့ အတူခရီးတွေသွားဖြစ်ရင်း ဇာတ်တွေလည်းမကရတော့ ဘာလုပ်ကြမလဲ ပြောဖြစ်ကြတယ်။ အဲဒီအချိန်မှာ ဦးမိုးမင်းကလည်း ရပ်မနေကြနဲ့ ဘယ်လိုအသစ်ပုံစံနဲ့သွားမလဲဆိုတာလေး ရေးတယ်။ အဲဒါလေးကိုဖတ်ပြီး ကျွန်တော်တို့လည်း ဘယ်လိုတွေရှေ့ဆက်နိုင်မလဲ ရှာကြတွေးကြရင်းနဲ့ နိုင်ငံခြားမှာဆိုရင် Live Show တွေကို ရိုက်ကူးရေးလုပ်ပြီး အွန်လိုင်းမှာလွှင့်နေပြီဆိုတာတွေ သိရတယ်။ အစ်ကိုကလည်း မိုးရာသီပွဲကို နှစ်တိုင်းကျင်းပနေကျဆိုတော့ ကျွန်တော်တို့လည်း ဒီနှစ်မိုးရာသီဖျော်ဖြေပွဲကို အွန်လိုင်းကနေ တင်ဆက်ကြမယ်ဆိုပြီး နှစ်ယောက်သား တိုင်ပင်ကြတယ်။ အလုပ်လုပ်ဖို့အတွက် နှစ်ယောက်ညှိပြီးချိန်အထိ ဘယ်မှာပြမလဲ၊ ဘယ်လိုပြမလဲ မသိကြသေးဘူး။ လွှင့်ပေးနိုင်မယ့်သူကို ရှာရင်းနဲ့ Myanmar Media 7 က ကိုဝေမင်းမောင်နဲ့တွေ့ပြီး မာလာမြိုင်ကလည်း စပွန်ဆာပေးတဲ့အတွက် ဒီပွဲကို ကခွင့်ရခဲ့တာပါ” ဟု ဟန်ဇာမိုးဝင်းက ဆိုသည်။
လက်ရှိတွင် မိုးရာသီသဘင်ပွဲတော် ပြီးဆုံးခဲ့ပြီးနောက် ပရိသတ်အားပေးမှုများပြားပြီး ဆက်လက်ကပြရန် တောင်းဆိုမှုများ ရှိသည့်အတွက် “မာလာမြိုင် ဟေမာန်ရာသီ သဘင်ပွဲတော်” ကို ဒီဇင်ဘာ ၁၉ ရက်မှ စတင်ကပြလျက်ရှိသည်။
အွန်လိုင်း၌ မြန်မာ့ဇာတ်သဘင်ဖျော်ဖြေမှုများ တင်ဆက်နိုင်ခြင်းနှင့်ပတ်သက်၍ “ပရိသတ်တွေအနေနဲ့ သွားရင်းလာရင်းဖုန်းနဲ့ ကျွန်တော်တို့ဇာတ်သဘင်ဖျော်ဖြေမှုတွေကို ကြည့်ခွင့်ရစေချင်တဲ့စိတ်ကူး အရင်ကတည်းကရှိတယ်။ အခုတော့ အဲဒီလိုဖြစ်အောင်လုပ်နိုင်ခဲ့ပြီ။ မြန်မာ့ဇာတ်သဘင်ကို ဒီနေ့ခေတ်လူငယ်တွေနဲ့ ပိုပြီးထိတွေ့ခွင့်ရစေချင်ခဲ့တာလည်း ဖြစ်လာတယ်” ဟု ဟန်ဇာမိုးဝင်းက ဆိုသည်။
ထို့ပြင် မြို့ရွှေမန်းသားဖိုးချစ်တိို့ကတဲ့ ဇာတ်အလှသဘင် Facebook Page တွင်လည်း ဖျော်ဖြေမှုများ တင်ဆက်ပေးမည့် Group သို့ Member ကြေးပေးသွင်းကာ ကြည့်ရှုအစီအစဉ်ကို သုံးလတာပြုလုပ်ခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် တစ်လတာ တင်ဆက်မှုများကို အဖွဲ့ဝင်ကြေးပေးကာ ကြည့်ရှုနိုင်ရန် စီစဉ်နေသည်။









