သောက်သုံးရေ လိုအပ်နေသည့် ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာနှင့် မြိုင်မြို့နယ် ကြံစိမ့်လေးကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ယခု ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း သောက်သုံးရေ ဂါလန် ၆၀၀၀ လှူဒါန်းပေးခဲ့သည်။
ဒီဇင်ဘာ ၂၆ ရက်က သောက်သုံးရေ ဂါလန် ၃၀၀၀ လှူဒါန်းပေးခဲ့သည့် ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာမှာ ကန်ရေ ခန်းခြောက်ပြီးနောက် ရေငန်သာ ထွက်ရှိသည့် စက်ရေတွင်းကိုသာ အားထားသုံးစွဲနေပြီး သောက်ရေနှင့် ချက်ပြုတ်ရေ ခက်ခဲနေသည့်ကျေးရွာ ဖြစ်သည်။
Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ သောက်သုံးရေ လှူဒါန်းပေးမှုကြောင့် မြစ်လှချောင်ကျေးရွာမှ အိမ်ခြေ ၁၅၀ နီးပါးမှာ ချက်ပြုတ်ရေနှင့် သောက်သုံးရေ ငါးရက်စာခန့် ဖူလုံစေခဲ့သည်။
“အရင်နှစ်တွေကတော့ ခုလိုဆောင်း ကာလမျိုး ရေခက်ခဲတယ်ဆိုတာ သိပ်မရှိဘူး။ မိုးလည်း အတော်သင့်ရတယ်။ ဒီနှစ် ၂၀၂၀ မိုးတွင်းက အတော်ကို မိုးမကောင်းလို့ ရွာရေကန်တွေ အစောကြီး ရေပြတ်သွားတာ။ တချို့လည်း နိုဝင်ဘာ မိုးနှောင်းရွာနေကြအချိန် ရွာမယ်ထင်ပြီး ရေလှောင်ကန်တွေ လှယ်ထားတာမှာ မိုးက လုံးလုံးမရွာတော့ လှောင်ရေလည်း မရလိုက်ဘူး။ အခု ဒီဇင်ဘာလလယ် လောက်ကစပြီး ရေအခက်အခဲ စဖြစ်တာပဲ။ နောက်လာမယ့် နွေဆိုရင် ရေလိုအပ်ချက် ပိုများလာနိုင်တယ်”ဟု မြစ်လှချောင်ကျေးရွာ မှ ကိုကျော်ဟိန်းက ပြောကြားသည်။
ဒီဇင်ဘာ ၂၃ ရက်က သောက်သုံး ရေဂါလန် ၃၀၀၀ လှူဒါန်းပေးခဲ့သည့် မြိုင်မြို့နယ် ကြံစိမ့်လေးကျေးရွာမှာ ကန်ရေ ခန်းခြောက်သွားသည့်အတွက် ရေအခက်အခဲ ကြုံတွေ့နေရသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။
Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ သောက်သုံးရေ လှူဒါန်းပေးမှုကြောင့် ကြံစိမ့်လေးကျေးရွာမှ အိမ်ခြေ ၇၀ နီးပါးမှာ ချက်ပြုတ်ရေနှင့် သောက်သုံးရေ ခုနစ်ရက်စာခန့် ဖူလုံစေခဲ့ပြီး ယခု ဒီဇင်ဘာလအတွင်း တတိယအကြိမ်မြောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
“ရွာမှာက သောက်ရေကန်တွေ ရှိတယ်။ မိုးကောင်းလို့ ရေဝင်ရင်တော့ ရေက အတော်နဲ့ မခန်းဘူး။ ရေအတွက် သိပ်မပူရဘူး။ ရေငန်ထွက်တဲ့ စက်တွင်းကရေကို နွားတိုက်တာ ချိုးတာ ဆေးတာ လုပ်တယ်။ ဒီနှစ်ကတော့ မိုးတွင်းတစ်ခုလုံး မိုးမကောင်းဘူး။ ကန်ရေဝင်လိုက် မိုးပြတ်သွားလို့ ရေပြန်ခန်းလိုက်နဲ့ ဖြစ်နေတာ။ အရင်နှစ်တွေက သုံးရက်လောက်ရွာတဲ့ မိုးနှောင်းက တစ်စက်မှ မရွာလိုက်ဘူး။ ဒါကြောင့်လည်း ဒီနှစ် မကုန်ခင်ကတည်းက သောက်သုံးရေက အခက်အခဲဖြစ်တာ”ဟု ကြံစိမ့်လေးကျေးရွာမှ ဦးဖိုးသင်းက ပြောကြား သည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ကာလဖြစ်သည့်အတွက် ရေလှူဒါန်းရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် ကျေးရွာအား အရှေ့၊ အနောက် ၊ တောင် လေးပိုင်းခွဲ လှည့်လည်ကာ သောက်သုံး ရေခပ်ယူစေရန် စီမံပေးခဲ့ကြောင်း သိရသည်။
ပခုက္ကူခရိုင်တွင်း စက်ရေတွင်း ရေငန်သာထွက်ရှိပြီး သောက်သုံးရေအတွက် ကန်ရေအားထား သုံးစွဲရသည့်ကျေးရွာများမှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မိုးကာလတွင် မိုးရေ လုံလောက်စွာ မရရှိသည့်အတွက် ယခုနှစ် အစောပိုင်းမှာပင် ရေရှားပါးမှု ကြုံတွေ့လာရခြင်း ဖြစ်သည်။
Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဆောင်းကာလပင် သောက်သုံးရေ လိုအပ်သည့် ကျေးရွာများ ရေလှူဒါန်းမှု ပြုလုပ်ပေးနေပြီး လာမည့် ရက်များတွင် ရေလိုအပ်သည့် ကျေးရွာ ယခုထက် ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။















