ယခင်အစိုးရလက်ထက်က လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးထားသည့် ဧက ၂၂ သိန်းကျော်အနက် အကောင်အထည်ဖော်ခြင်း မရှိသည့် ဧက ၁၅ သိန်းကျော်ကို ပြန်လည် သိမ်းယူပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ယခင်အစိုးရလက်ထက်က လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးထားသည့် ဧက ၂၂ သိန်းကျော်အနက် အကောင်အထည်ဖော်ခြင်း မရှိသည့် ဧက ၁၅ သိန်းကျော်ကို ပြန်လည် သိမ်းယူပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 27 December 2020

ယခင်အစိုးရလက်ထက်က လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးထားသည့် ဧက ၂၂ သိန်းကျော်အနက် အကောင်အထည်ဖော်ခြင်း မရှိသည့် ဧက ၁၅ သိန်းကျော် (ရာခိုင်နှုန်း ၇၀ ကျော်) ကို ပြန်လည်သိမ်းယူပြီး ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ဒီဇင်ဘာ ၂၆ ရက်၌ Online Virtual Meeting ဖြင့် ပြုလုပ်သည့်  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေညီလာခံနှင့် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒီအပြင် မြေလွတ်မြေရိုင်းနဲ့ ဗဟိုကော်မတီအနေနဲ့လည်း မိမိတို့ ဝန်ကြီးဌာန ဆောင်ရွက်တဲ့အခါမှာ ယခင်လက်ထက် ခွင့်ပြုထားတဲ့ လယ်မြေဧကပေါင်း ၂၂ သိန်းကျော်အနက်မှ အကောင်အထည်ဖော်ခြင်း မရှိတဲ့ လယ်မြေဧကပေါင်း ၁၅၆၇၀၀၀ (ရာခိုင်နှုန်း ၇၀ ကျော်) ကို ပြန်လည်သိမ်းယူပြီး ဖြစ်ကြောင်း  ထပ်မံ၍လည်း အသစ်လျှောက်ထားတဲ့ သူတွေအတွက်ကိုလည်း ဧက တစ်သိန်းကျော် ပြန်လည်နေရာချထားပေးခဲ့ပြီး ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ယခင်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုသည့် ပုံစံ (၇) ထုတ်ပေးထားမှု  ၉၂ ရာခိုင်နှုန်းကျော်သာ ရှိသော်လည်း လက်ရှိတွင် ၉၉ ရာခိုင်နှုန်းအထိ ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ ပုံစံ (၇) ကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ၉၂ ရာခိုင်နှုန်းကျော်ကနေပြီး ယခုအချိန်မှာဆိုရင် ၉၉ ရာခိုင်နှုန်းခန့် အတိအကျ ပြောမယ်ဆိုရင်တော့ ၉၈ ဒသမ ၇၈ ရာခိုင်နှုန်းအထိ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုတဲ့ လက်မှတ်ပုံစံ (၇) ကို ထုတ်ပေးနိုင်ပြီ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်သည်နှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမြေအဖြစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးနိုင်ရေးသည် အထူးအရေးပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်သည်နှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမြေအဖြစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးနိုင်ရေးသည် အထူးအရေးပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားရယူပြီး စိုက်ပျိုးလုပ်ကိုင်ရာတွင်လည်း ဖော်ထုတ်စိုက်ပျိုးမှု တည်ငြိမ်လာပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ကို ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

သို့မှသာ စိုက်ပျိုးရေး လုပ်ကိုင်သူများအနေဖြင့် မိမိတို့ ရင်းနှီးမြှုပ်နှံမှုအပေါ် သားစဉ်မြေးဆက် ရေရှည် ပိုင်ဆိုင်ခွင့်များ ရရှိသွားမည် ဖြစ်ကြောင်းနှင့် မြေခွန်တော်များ ကြွေးကျန် မရှိစေရေး ကြိုးပမ်းကောက်ခံသွားကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများမှ သစ်တောဖုံးလွှမ်းမှု အားကောင်းသော ဒေသများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီးဌာနက နိုင်ငံတော်၏ သယံဇာတနှင့် ရာသီဥတု ထိန်းကျောင်းနိုင်ရေး ကိစ္စများအတွက် သစ်တောကြိုးဝိုင်းများ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း သစ်တောနယ်မြေအဖြစ် သတ်မှတ်ရန် မသင့်လျော်တော့သည့် ဒေသများတွင်လည်း ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို အကျိုးရှိရှိ အသုံးချနိုင်ရေး လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ ပုဒ်မ ၁၂ ပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ် ၂ နှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်းကို စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent