ဧရိယာ ၁၈ ဧကခန့်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း ပန္နက်တင်

ဧရိယာ ၁၈ ဧကခန့်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း ပန္နက်တင်
Published 27 December 2020
နီလာ

ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ညှိနှိုင်းပေါင်းစပ်မှုတို့ဖြင့် ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း ကို Yangon Metropolitan Development Public Co.,Ltd u Government Agent အဖြစ် စီမံကိန်း Master Plan ရေးဆွဲ၍ တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ တင်ဒါခေါ်ယူခဲ့မှုအရ တင်ဒါအောင်မြင်သည့် Myanmar Thilawa SEZ Holding Public Co.,Ltd ကုမ္ပဏီမှ ရင်းနှီးဖော်ဆောင်‌တော့မည့် “ကြို့ကုန်း ပြည်သူ့အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း” ပန္နက်တင် မင်္ဂလာကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ စီမံကိန်းတည်ရှိရာ အင်းစိန်မြို့ နယ်၊ ကြို့ကုန်းအိမ်ရာစခန်း၌ ကျင်းပခဲ့သည်။

အဆိုပါ ပန္နက်တင် မင်္ဂလာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြို့ကုန်း ပြည်သူ့အိမ်ရာနေ တိုက်ကိုယ်စားလှယ်များ၊ Yangon Metropolitan Development Public Co.,Ltd ဥက္ကဋ္ဌ ဒေါ်မေမေသွယ်၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးရှိန်ဝင်း၊ ဒါရိုက်တာအဖွဲ့ဝင် ဦးမျိုးမြင့်၊ MTSH ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

ကြို့ကုန်း အိမ်ရာစခန်း ဧရိယာမှာ မူလက ၁၁ ဒသမ ၂၆၃ ဧကသာ ကျယ်ဝန်းသော်လည်း အင်းစိန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အခြေခံအဆောက်အအုံများ ပြည့်စုံသည့် စီမံကိန်းအဖြစ် ဖော်ဆောင်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ရေစက်ဝင်းနှင့် သိုလှောင်ရုံမြေ ဧရိယာ ၆ ဒသမ ၇၈ ဧကကို လွှဲပြောင်းပေးခဲ့သည့်အတွက် စုစုပေါင်း စီမံကိန်းဧရိယာ ၁၈ ဧက ခန့်ပေါ်တွင် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်သွားမည် ဖြစ်ပါသည်။

စီမံကိန်း Master Plan အရ ယနေ့ပန္နက်တင် မင်္ဂလာကျင်းပခဲ့သည့် မြေနေရာတွင် မူလနေထိုင်သူ ပြည်သူများအား ပြန်လည်နေရာချထားပေးမည့် အိမ်ခန်း (၆၃) ခန်းပါ (၁၀) ထပ် လူနေအဆောက်အအုံတစ်လုံး၊ အိမ်ခန်း (၆၃) ခန်းပါ (၁၁) ထပ်လူနေအဆောက်အအုံ တစ်လုံးနှင့် အိမ်ခန်း (၅၆) ခန်းပါ (၁၀) ထပ် လူနေအဆောက်အအုံတစ်လုံးတို့ကို စီမံကိန်းပထမအဆင့်အဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်နှင့် အခြားလိုအပ်သည့် ခွင့်ပြုမိန့်များ ရရှိသည့်နေ့မှ နှစ်နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။                               

Most Read

Most Recent