မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ပြသာနာဖြစ်ပွားခြင်း မရှိဘဲ ကိုယ်ရေးကိုယ်တာကြောင့် လာမည့်သက်တမ်းတွင် မြို့တော်ဝန်အဖြစ် လုပ်ကိုင်တော့မည် မဟုတ်ကြောင်း မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ပြောကြားသည်။
ဒီဇင်ဘာ ၂၆ ရက်တွင် မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် မြို့တော်ဝန် ဆက်လက် လုပ်ကိုင်တော့မည် မဟုတ်သည့် အကြောင်းအား တင်ထားခဲ့ပြီး ယင်းသို့ထည့်သွင်း ရေးသားထားသည်ကို တွေ့ရသည်။
“အရေးအကြီးဆုံး အသိပေးချင်တဲ့အချက်က ကျွန်တော်ဆက်မလုပ်တော့တာ ကျွန်တော်ရဲ့ ကိုယ်ရေးကိုယ်တာ ကြောင့်ပါ။ NLD အစိုးရအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ အထိပါ ကျွန်တော့်ကို နေရာပေးခဲ့တာပါ။ ကျွန်တော်နဲ့ ဝန်ကြီးချုပ် အကြားမှာ ဘာပြဿနာမှ မဖြစ်ဖူးပါ။ ငယ်သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီး ဆက်ဆံလျက်ပါ” ဟု ဦးရဲလွင်က ရေးသားထားသည်။
မြို့တော်ဝန်ရာထူးအား သုံးကြိမ်တိတိ ငြင်းပယ်ပြီးနောက် နာရီပိုင်းအလိုမှသာ လက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ ရာထူးအား စတင်လက်ခံစဉ်ကတည်းက ငါးနှစ်သာ လုပ်ကိုင်တော့မည်ဟု ဆုံးဖြတ်ထားခဲ့ကြောင်း ဦးရဲလွင်က ပြောကြားသည်။
“အကြောင်းရင်းတွေ အများကြီးထဲက အဓိက အကျဆုံးက အသက်အရွယ်ပါ။ ကျွန်တော့်အသက် ၆၈ နှစ်ရှိပါပြီ။ သံသရာအတွက် ပြင်ဆင်ဖို့ လိုပါပြီ။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျှောက်လုံး မနက်ကစလို့ ညအချိန်အထိ မနားမနေ လုပ်ခဲ့ရလို့ တရားဘာဝနာနဲ့ ကင်းဝေးခဲ့တာ အခုအချိန်အထိပါ။ ထဲထဲဝင်ဝင်လုပ်ဖို့ အချိန်ရောက်ပါပြီ။ နောက်အကြောင်း တစ်ချက်က ကျန်းမာရေးပါ။ ၂၀၁၂ ခုနှစ်က အူမကြီးထဲကအကျိတ် polyp ၁၁ ခု ခွဲထုတ်ခဲ့တာ အခုအချိန်အထိ ပြန်မပြရသေးပါဘူး။ အမှန်အတိုင်းက ၆ နှစ်တစ်ကြိမ်ပြရမှာပါ။ ကင်ဆာဖြစ်နိုင်ခြေများတဲ့ ရောဂါပါ။ အစာအိမ်ထဲမှာပါ ရှိနေပြီလို့လည်း ဝေဒနာခံစားမှုအရ ယူဆထားပါတယ်။ အမျိုးသမီး ဆုံးသွားပြီးနောက် နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုအချို့ကို ကျွန်တော်နဲ့ သားရဲ့ အမည်ပြောင်းဖို့လည်း ရှိနေပါသေးတယ်။ ဒါတွေက ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ။ အမျိုးသမီးကင်ဆာ စဖြစ်တုန်းက တစ်ကြိမ်၊ Recurrence ရတုန်းက တစ်ကြိမ်နဲ့ ကုသတဲ့ဆေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် အူမကြီ းပေါက်သွားတုန်းက တစ်ကြိမ် သုံးကြိမ်တိတိ အလုပ်ထွက်ခွင့် တင်ပြခဲ့ပေမယ် မအောင်မြင်ခဲ့ပါဘူး” ဟု ဦးရဲလွင်က ရေးသားထားသည်။
မြို့တော်ဝန်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိသည့် အကြောင်းအား မန္တလေးတိုင်းဝန်ကြီးချုပ်ထံ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ ရက်တွင် တင်ပြခဲ့ကြောင်း၊ မြို့တော်ဝန်အဖြစ် ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့သော်လည်း မန္တလေးမြို့အတွက် လိုအပ်သည့် အကြံဉာဏ်များကို ပေးသွားမည်ဖြစ်ကြောင်း ဦးရဲလွင်က ပြောကြားသည်။
“စည်ပင်ရဲ့ လုပ်ငန်းတွေအားလုံး အရှိန်အဟုန်နဲ့ လည်ပတ်နေပါပြီ။ နည်းပညာပြောင်းလဲမှုနဲ့ ဝန်ထမ်းတွေရဲ့ ပြောင်းလဲမှုက ကျွန်တော်မလုပ်တော့တဲ့ နောက်ပိုင်း မန္တလေးစည်ပင်ရဲ့ တိုးတက်မှု အရှိန်အဟုန်က ပြောင်းလဲမှု မရှိ ဆက်လက်ကောင်းနေမယ်လို့ ကျွန်တော်လုံးဝ ယုံကြည်ပါတယ်။ အချုပ်အနေနဲ့ ဇူလိုင်လကုန်က ပါတီဝင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သလို ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဝန်ကြီးချုပ်ထံ နောက်ငါးနှစ်သက်တမ်းမှာ ဆက်မလုပ်တော့ကြောင်း တင်ပြခဲ့ပါတယ်” ဟု ဦးရဲလွင်က ရေးသားထားသည်။
ယင်းအပြင် မန္တလေးမြို့တော် စည်ပင်သာယာရေးအဖွဲ့မှာ ယခုတွင် ပြောင်းလဲမှုများ ရှိလာပြီဖြစ်ပြီး အဖွဲ့၏ လုပ်ငန်းဆောင်တာများကိုလည်း မန္တလေးမြို့တော်ဝန်က ရေးသားထားသည်။
“စည်ပင်ရဲ့ ဘတ်ဂျက်က အခြားပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ လုံးဝမတူပါဘူး။ နိုင်ငံတော်ကပံ့ပိုးမှု လုံးဝမရပဲ မိမိဝင်ငွေပေါ်မှာသာ ရပ်တည်ရတဲ့ အဖွဲ့အစည်းပါ။ အရင်ကတော့ စည်ပင်ပိုင်မြေတွေကို ရောင်းချပြီး အသက်ဆက်ခဲ့ကြပေမယ့် ကျွန်တော့လက်ထက်မှာ ပုံမှန်ဝင်ငွေ တိုးတက်လာအောင် အခွန်အကောက် အရေအတွက် တိုးချဲ့နိုင်ဖို့ data အမှန်ရရှိရေး whole city household data survey လုပ်ခဲ့တာ၊ ပုံမှန်ငှားရမ်းခတွေထက် အများကြီး လျော့နည်းနေတဲ့ စည်ပင်ပိုင်မြေ အဆောက်အဦတွေအပေါ် လက်ရှိပေါက်စျေးရဲ့ ၆၀ ရာခိုင်နှုန်းရအောင် တစ်ဦးချင်း ညှိနှုင်းတာကအစ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ fiber cables တွေအတွက် right of way ခတွေ စတင်ကောက်ခံနိုင်တာအဆုံး နည်းပေါင်းစုံနဲ့ စည်ပင်ရဲ့ ဘတ်ဂျက်ကို တိုးတက်အောင် လုပ်ခဲ့နိုင်လို့ အရင်ဝင်ငွေရဲ့ နှစ်ဆကျော်နဲ့ လည်ပတ်နေပါပြီ။ ဝင်ငွေတိုးတက် လာတာနဲ့အမျှ လုပ်ငန်းတွေတိုးချဲ့ လုပ်ကိုင်နိုင်လာသလို နည်းပညာ ပြောင်းလဲနိုင်ဖို့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ နိုင်လွန်ကတ္တရာကြိုစက်၊ Stabilized Soil Batching Plant၊ Cold Ashford Emulsion Plant၊ Precast Plant၊ Laboratories တွေ တည်ဆောက်နိုင်ခဲ့သလို ခေတ်နဲ့လိုက်လျောညီထွေရှိဖို့ ယာဉ်စက်ယန္တရားပေါင်း များစွာကိုလည်း အင်အားဖြည့်တင်း နိုင်ခဲ့ပါတယ်။ အခုဘတ်ဂျက်ထဲမှာ နိုင်လွန်ကတ္တရာကြိုစက် အသစ်တစ်ခုနဲ့ နိုင်လွန်ကတ္တရာခင်းစက် တစ်စုံအပြင် ဗေဒါဆယ်စက် တစ်ခုပါ ဝယ်မှာပါ။ E government အပိုင်းနဲ့ ပတ်သက်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ၂၀၁၆ အထိ ဘာတစ်ခုမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့ပါဘူး။ အခုလေးနှစ်ကျော် ကာလအတွင်း ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်” ဟု ဦးရဲလွင်က ရေးသားထားသည်။
မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ယူထားသည့် ဦးရဲလွင်မှာ တာဝန်စယူစဉ်ကာလက မန္တလေးမြို့ခံအချို့၏ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများကို ကြုံတွေ့ခဲ့ရသော်လည်း နောက်ပိုင်းတွင် မန္တလေးမြို့ခံများကိုယ်တိုင် ထောက်ခံအားပေးခြင်း ခံခဲ့ရသ တစ်ဦးဖြစ်သည်။
မိမိအား မြို့တော်ဝန်အဖြစ် ဆက်လက် လုပ်ကိုင်စေလိုပါက ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအား ထောက်ခံမဲပေးကြပါဟု စည်းရုံးလှုံ့ဆော်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
ယင်းသို့ ပြောဆိုခဲ့ခြင်းသည် အများပြည်သူအပေါ် လိမ်ညာသကဲ့သို့ ဖြစ်ခဲ့၍ ‘မိမိ၏အမှား’ ဟု ဒေါက်တာရဲလွင်က ဝန်ခံခဲ့ကြောင်း မန္တလေးမြို့အခြေစိုက် Mandalay Indepth News တွင် ဖော်ပြထားသည်။
“အမှန်အတိုင်း ပြောရရင်တော့ ပြည်သူကို ညာခဲ့မိတယ်ပေါ့။ ညာတယ် ဆိုတာလည်း ရှင်းရှင်းပြောရရင်တော့ NLD ကို နိုင်စေချင်လို့ ညာခဲ့မိတယ်ပေါ့ဗျာ။ မိဘက သားသမီးကို ညာပြီးတော့ သွန်သင်ဆုံးမသလို အဲဒီလို သဘောမျိုးပါပဲ” ဟု ဒေါက်တာရဲလွင်က ပြောကြားခဲ့သည်ဟု Mandalay Indepth News တွင် ဖော်ပြထားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြခံဥပဒေအရ မန္တလေးမြို့တော်ဝန်၏ ရာထူးသက်တမ်းမှာ နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်း ဖြစ်သဖြင့် ဦးရဲလွင်မှာ မတ်လတွင် ရာထူးသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။















