လာလီဂါပြိုင်ပွဲတွင် ဒိုင်လူကြီးများက ရီးယဲလ်မက်ဒရစ်အသင်း အသာရစေမည့် ဆုံးဖြတ်ချက်များကို ချမှတ်လေ့ရှိသည်ဟု El Clásico ပြိုင်ဘက် ဘာစီလိုနာအသင်း နည်းပြ ရော်နယ်လ်ကိုးမန်း၏ဝေဖန်မှုကို ဇီဒန်းက စိတ်အနှောင့်အယှက်ဖြစ်စရာဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
အီဘာ (၁-၃) ရီးယဲလ်မက်ဒရစ်ပွဲစဉ်တွင် အီဘာအသင်း ပယ်နယ်တီရရှိသင့်သည့် အခွင့်အရေးတစ်ရပ်ကို ကွင်းလယ်ဒိုင်လူကြီးမှ ငြင်းပယ်ခဲ့သည့်ဖြစ်ရပ်ကို ကိုးမန်းက ဝေ ဖန်ထောက်ပြခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်တွင် ပယ်နယ်တီဧရိယာအတွင်း ရီးယဲလ် အသင်းခေါင်းဆောင် ရာမို့စ်၏ လက်မောင်းနှင့် ဘောလုံးထိခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီးနှင့် VAR အဖွဲ့မှ Review ပင်ပြန်မကြည့်ဘဲ ပယ်ချခဲ့သည်။
''ကျွန်တော့်အမြင်အရတော့ ဒါက ပယ်နယ်တီလို့ ယူဆပါတယ်။ ဒိုင်လူကြီး နဲ့ သူ့ရဲ့ VAR အဖွဲ့ကတော့ တခြားနည်းလမ်းနဲ့ ဆုံးဖြတ်နိုင်ပါတယ်။ ဒါကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဒီဖြစ်စဉ်ကို ကျွန်တော့်ထံ မေးလာခဲ့ရင် 'Yes' လို့ပဲ တုံ့ပြန်မှာဖြစ်ပြီး ဒါက ပယ်နယ်တီပေးရမှာပါ''ဟု ကိုးမန်းက ဒီဇင်ဘာ ၂၁ ရက်က ဝေဖန်ခဲ့သည်။

ကိုးမန်း၏ပြောဆိုမှုအပြီး တစ်ရက်အကြာတွင် ရီးယဲလ်အသင်းနည်းပြဖြစ်သူ ဇီဒန်းက ''ဒီအတွက် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ကျွန်တော်က ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ပတ်သက်တတ်သူ မဟုတ်ပါဘူး။ ဒိုင်လူကြီးတွေက ပွဲရဲ့တာဝန်ရှိသူဖြစ်ပြီး သူတို့ အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ယူဆပါတယ်''ဟု ဇီဒန်းက ပြော ကြားသည်။
ကိုးမန်းက ယင်းကဲ့သို့ဝေဖန်ခဲ့သော်လည်း လာလီဂါတွင် ရီးယဲလ်အသင်း ပယ်နယ်တီရရှိမှုမှာ နှစ်ကြိမ်သာရှိပြီး ဘာစီလိုနာ(၄ ကြိမ်)ထက် လျော့နည်းနေသည်။















