သမီးလှကျွန်း (လိပ်ကျွန်း) တွင် ယခုနှစ် ဒီဇင်ဘာလဆန်းပိုင်းအထိ ပင်လယ်လိပ် ၇၆ ကောင်အထိ လာရောက် ဥချထားပြီးဖြစ်

သမီးလှကျွန်း (လိပ်ကျွန်း) တွင် ယခုနှစ် ဒီဇင်ဘာလဆန်းပိုင်းအထိ ပင်လယ်လိပ် ၇၆ ကောင်အထိ လာရောက် ဥချထားပြီးဖြစ်
သမီးလှကျွန်း (လိပ်ကျွန်း) တွင် လာရောက်ဥချသည့် လိပ်တစ်ကောင်ကို တွေ့ရစဉ်
သမီးလှကျွန်း (လိပ်ကျွန်း) တွင် လာရောက်ဥချသည့် လိပ်တစ်ကောင်ကို တွေ့ရစဉ်
Published 24 December 2020
မင်းသူဝင်းထွဋ်

ပုသိမ်ခရိုင် ငပုတောမြို့နယ်ရှိ ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း ဖွင့်လှစ်ထားသော သမီးလှကျွန်း (လိပ်ကျွန်း) တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းအထိ ပင်လယ်လိပ်ပေါင်း ၇၆ ကောင်အထိ လာရောက် ဥချထားပြီး ကျင်းတစ်ကျင်းလျှင် ပျမ်းမျှလိပ်ဥအလုံး ၈၀ ခန့် ဥချထားခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရှားပါးစာရင်းဝင် ပင်လယ်လိပ်မျိုး များမှာ လစဉ်လာရောက် ဥချလေ့ရှိသည့် သမီးလှကျွန်းတွင် ဒီဇင်ဘာ ပထမပတ်အထိ ပင်လယ်လိပ်ကောင်ရေ ၇၆ ကောင်ထိ လာရောက်ဥချထားကြောင်း၊ ယခုလအတွင်း ထပ်မံလာရောက် ဥချမည်ဟု မျှော်မှန်းထားကြောင်း ပြင်သာလိပ် (Green Turtle) အမျိုးအစားများ အဓိကလာရောက် ဥကြောင်း သိရသည်။

“၂၀၁၇ မှာ ၆၇ ကျင်းဥပါတယ်။ ၂၀၁၈ ကျတော့ ၉၇ ကျင်းဥတယ်။ ၂၀၁၉ ကျတော့ ၇၈ ကျင်းဥတယ်။ ၂၀၂၀ လည်း ၇၈ ကျင်း လောက်ဖြစ်မယ့် သဘောရှိတယ်။ အခု ၇၆ ကျင်းဆိုတော့ နောက်နှစ်ကျင်းလောက် တက် နိုင်တယ်လေ။ မနှစ်ကနှုန်းနဲ့ ဒီနှစ်နှုန်းဆို အတူတူလောက် သွားဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၈ ကတော့ ထူးထူးခြားခြား ၁၉-၂၀ လောက်နဲ့ စာရင် ၁၀ ကျင်းလောက်ပိုတယ်။ ၂၀၁၇ မှာ ကတော့ သူကတော်တော် နည်းတယ် ၆၇ ကျင်းဆိုတော့လေ။ ထူးထူးခြားခြားတော့ မကျဘူးလို့ပဲ သုံးသပ်ရမှာပေါ့လေ။ ဥပေါက်နှုန်းမှာတော့ သဘာဝကျင်းကတော့ ဥပေါက်နှုန်း ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကျွန်းရဲ့ ပထဝီမျက်နှာပြင် အနေအထားက သဘာဝကျင်းထားဖို့က အရမ်းခက်တယ်။ ဘာလို့လဲဆိုတော့ ပင်လယ်ရေက တောင်ကမ်းပါးရံကို တိုက်တဲ့နေရာတွေ တိုက်တယ် လွတ်တဲ့နေရာ နည်းနည်းပါးပါးလောက်ပဲ လွတ်တယ်။ ဟိုရက်က လိပ်ဆိုရင် ရေပေါ်ကတက်ဆို တောထဲရောက်သွားတာပဲ။ အဲဒါကြောင့် သဘာဝကျင်းကတော့ ပေါက်နှုန်းကောင်းတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့ဆီမှာ သဘာဝကျင်း မပေါက်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အခုပြောင်းရွှေ့ကျင်းတွေနဲ့ ဖောက်နေတဲ့ နေရာမှာ ၇၅ အထက်လောက်မှာပဲ ရှိပါတယ်။ ရာခိုင်နှုန်းလေ ၈၅ လောက်ထိ ဥပေါက်နှုန်း ရှိပါတယ်” ဟု သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း တာဝန်ခံ ဦးဖုန်းမော်က ပြောကြားသည်။

ကျွန်းပေါ်တွင် သဘာဝကျင်းများ ဥပေါက်နိုင်ခြင်းမရှိမှုမှာ ကျွန်း၏ မြေမျက်နှာသွင်ပြင် ပြောင်းလဲလာမှု ဖြစ်ကြောင်း ဦးဖုန်းမော်က ဆက်လက်ပြောကြားသည်။

“သဘာဝကျင်းတွေနဲ့ မပေါက်နိုင်တော့တာက အဓိကတော့ ကမ်းခြေရဲ့ ပထဝီမြေပြင် အနေအထားပေါ့။ သီအိုရီအရပြောရင် ရေတက်ရေကျ ဧရိယာရှိတယ်။ အဲဒီအပေါ်မှာ သဲခုံတန်းတွေရှိမယ်၊ သဲခုံတန်းတွေ ပြီးတော့မှ ဟိုးနောက်မှာ သစ်တောရှိမယ်။ အဲဒါကုန်းပိုင်း ဖြစ်သွားပြီပေါ့။ အဲဒီမှာ လိပ်ကတက်လာရင် ရေတက်ရေကျ ဧရိယာကိုဖြတ်မယ်။ ဒုတိယနဲ့ တတိယ သဲခုံတန်းတွေမှာ သူဥချဖို့နေရာ ရွေးမယ်ပေါ့။ အခုကျွန်တော်တို့ လိပ်သောင်ကျတော့ ရေတက်ရေကျ ဧရိယာပြီးရင် တောထဲပဲ ဘာခုံတန်းမှ မရှိဘူး။ အဲဒီတော့ သူက ဒီသဘာဝအတိုင်းဥတဲ့ အခါကျတော့ ပင်လယ်ရေမြုပ်မယ့်ဘေးကို ကျွန်တော်တို့က စိုးရိမ်ရတယ်။ နောက်တောထဲကို ဝင်ဥမယ့် အနေအထားကျတော့ သစ်မြစ်ထိုးတာတွေ စိုးရိမ်ရတာပေါ့။ စိုးရိမ်ရတဲ့အတွက် ကျွန်တော်တို့ သောင်ပေါ်မှာ သုတေသန ဥကျင်းတွေက လွဲပြီးရင် ကျန်တာတွေကို ပြောင်းရွှေ့ကျင်းနဲ့ ကျွန်တော်တို့က ဖောက်တာ၊ သုတေသန လုပ်ဖို့အတွက် သဘာဝ ဥကျင်းတွေရဲ့ အပူချိန် လိုချင်တယ်။ အဲဒီအတွက် အပူချိန်တိုင်းတဲ့ဟာတွေနဲ့ ကျွန်တော်တို့ သုတေသနလုပ်ပြီးမှ ဖောက်တာတွေရှိတယ်။ အဲဒါတွေနဲ့ တစ်ချိန်တည်းမှာ ပြောင်းရွှေ့ကျင်းတွေထဲမှာ အပူချိန်တိုင်းတာတွေနဲ့ အပူချိန် တိုင်းတာတွေ ချိန်ဆနှိုင်းယှဉ်ဖို့ ဆိုရင်တော့ အဲဒီသဘာဝကျင်းတွေကို ထားပါတယ်။ အင်မတန် နည်းပါတယ်။ တစ်နှစ်လုံးမှာမှ ဆယ်ကျင်းမပြည့်ဘူး။ ကျွန်တော်တို့ လုပ်တာက” ဟု ပြောကြားသည်။

သမီးလှကျွန်းမှာ ပင်လယ်လိပ်များ ရာသီမရွေး လာရောက်ဥချလေ့ရှိသည့် ကမ္ဘာပေါ်တွင် အရေအတွက် အနည်းငယ်သာ ကျန်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent