အင်္ဂလန်နိုင်ငံတွင် ဖြစ်ပွားနေသော ကူးစက်မြန်ဗီဇပြောင်း COVID-19 ပိုးအသစ်သည် SARS-CoV-2 ဗိုင်းရပ်စ်ပိုးများထက် နှစ်ဆနီးပါး ကူးစက်ပျံ့နှံ့လွယ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
“အခု အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာတွေ့ရတဲ့ ဗီဇပြောင်းပိုးကတော့ သူက နဂို SARS-CoV-2 ထက်စာရင် Spike Protein လို့ခေါ်တဲ့ သူ့ရဲ့အပေါ်လွှာ Protein အချွန်အတက်နေရာမှာရှိတဲ့ Preotein တစ်ခု အပြောင်းအလဲဖြစ်တာ ဖြစ်ပါတယ်။ အဲဒါကို ကျွန်မတို့က N501Y လို့ခေါ်ပါတယ်။ ဖြစ်တဲ့နေရာက N501Y။ ပြောင်းတဲ့ပိုးကိုကျတော့ ကျွန်မတို့က VUI-202012/01 လို့ ခေါ်ပါတယ်။ အဲဒီမှာ တခြားသော SARS-C0V-2 ဗိုင်းရပ်စ်ပိုးထက် ပိုပြီးကူးစက် ပျံ့နှံ့လွယ်တာဖြစ်ပါတယ်။ ဒီနေရာမှာ COVID-19 သည် ရောဂါဖြစ်ပါတယ်။ COVID-19 ကို ဖြစ်စေတဲ့ရောဂါပိုးသည် SARS-CoV-2 ဖြစ်ပါတယ်။ SARS-CoV-2 ဗိုင်းရပ်စ်မှာဖြစ်တဲ့ မျိုးရိုးဗီဇကွဲတစ်ခုဖြစ်ပါတယ်။ သူက ဒီဗိုင်းရပ်စ်ကြောင့်ဆိုရင် သူကပိုမိုကူးစက်ပျံ့နှံ့လွယ်တာကို တွေ့ရတယ်။ ဘယ်လောက်အထိ ကူးစက်ပျံ့နှံ့ဖို့လွယ်သလဲဆိုရင် ရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင် ၅၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ ကူးစက်ပျံ့နှံ့ဖို့လွယ်တယ်လို့ ပြောပါတယ်။ ဒီနေရာမှာ ရာခိုင်နှုန်း ၅၀ ကနေ ၇၀ နှုန်းသည် အဆ ၅၀ ကနေ အဆ ၇၀ မဟုတ်ဘူးဆိုတာကို တိတိကျကျ သိစေချင်ပါတယ်။ ဒါက လူတွေမှားယွင်းပြီးတော့ ထင်မြင်ယူဆနေလို့ဖြစ်ပါတယ်။ အဆနဲ့ပြောရင် နဂိုထက် ၁ ဒသမ ၅ ဆ၊ ၁ ဒသမ ၇ ဆ ပိုပြီးကူးစက်မှုမြန်တယ်ဆိုတဲ့သဘော ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို VUI-202012/01 ဟု ခေါ်ဝေါ်ထားပြီး အခြား SARS-CoV-2 ဗိုင်းရပ်စ်ပိုးများထက် ပိုမိုကူးစက်ပျံ့နှံ့လွယ်သည်ကို တွေ့ရှိရပြီး ယင်းဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်မှု ပိုမိုလာသည်ဆိုသော အထောက်အထား မတွေ့ရှိရသေးကြောင်းလည်း ဒေါက်တာ ခင်ခင်ကြီးက ပြောကြားသည်။
“ဒီလို ကူးစက်မြန်တယ်ဆိုတာကလည်း ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲဝင်လာလို့ရှိရင် ကျွန်မတို့ဆီမှာ တံခါးပေါက်ရှိပါတယ်။ အဲဒီ တံခါးပေါက်ထဲက လက်ခံကောင် ACE2 က ကလေးတွေနဲ့လူကြီးတွေနဲ့ နှိုင်းစာရင် ကလေးတွေမှာ ACE2 နည်းပါတယ်။ နည်းတဲ့အတွက် ကလေးတွေမှာ ပုံမှန်အားဖြင့် ရောဂါပိုးကူးစက်မှုလည်း နည်းသလို ရောဂါပိုးကြောင့်ဖြစ်တဲ့ ဆိုးဆိုးရွားရွားဒဏ်ကိုလည်း ခံစားရမှုကလည်း နည်းပါတယ်။ သို့သော် အခုဗိုင်းရပ်စ်မျိုးကွဲအသစ်ကတော့ ဒီ ACE2 ဝင်ပေါက်ကို ပိုပြီးချောမွေ့ပြီး ချောချောမွေ့မွေ့နဲ့ ဝင်လို့ရအောင် မြန်မြန်ဆန်ဆန် ဝင်လို့ရအောင် သူကလုပ်နိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ သိရပါတယ်။ ဒါကြောင့်မို့ ကူးစက်မှုက မြန်တာဖြစ်ပါတယ်။ ရောဂါပိုးက ပိုပြီးတော့ဆိုးလာသလား။ ဒါမှမဟုတ်လည်း သေဆုံးမှုအနေနဲ့ရော ဘယ်လိုဖြစ်စေနိုင်သလဲ စသဖြင့် ရောဂါဘယ်လောက်အထိ ပြင်းထန်နိုင်သလဲဆိုတဲ့ အထောက်အထားတွေကတော့ အခုထက်အထိ မတွေ့ရှိရသေးပါဘူး။ ဒါကတော့ ပညာရှင်တွေ ရှာဖွေနေတုန်းဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
လက်ရှိ USFDA က အရေးပေါ်အသုံးပြုခွင့်ရထားသော mRNA ကာကွယ်ဆေး နှစ်မျိုးဖြစ်သည့် Pfizer/BioNTech ကာကွယ်ဆေးသည် ၁၆ နှစ်နှင့်အထက်သာ ထိုးနှံရမည့်ကာကွယ်ဆေးဖြစ်ပြီး Moderna ကာကွယ်ဆေးသည် အသက် ၁၈ နှစ်နှင့်အထက်သာ ထိုးနှံရမည့် ကာကွယ်ဆေးဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
“ကလေးတွေမှာဆို ရောဂါဖြစ်ပွားမှု မရှိတဲ့အတွက်ကြောင့် ကာကွယ်ဆေးကို လေ့လာရင် ကာကွယ်ဆေးထုတ်လုပ်တဲ့အခါမှာ ကလေးတွေဟာ ကျွန်မတို့ရဲ့ Target Group မဟုတ်တဲ့အတွက် ကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့အတွက် ဆောင်ရွက်ထားတာမဟုတ်ပါဘူး။ ကာကွယ်ဆေးသည် အမြန်ဆုံး ပြည်သူလူထုဆီ ရောက်ရှိအောင် အမြန်ဆုံးဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ သူ့ရဲ့ Clinical Phase I,II,III လုပ်တဲ့အခါမှာလည်း ကလေးတွေ ရယ်၊ ကိုယ်ဝန်ဆောင်တွေရယ်မှာ လုပ်ဆောင်မှုမှာ ပါဝင်တဲ့ စေတနာ့ဝန်ထမ်း အရေအတွက်က အလွန်နည်းပါတယ်။ မရှိသလောက်ဖြစ်ပါတယ်။ အရေအတွက်နည်းတဲ့အတွက်ကြောင့်မို့ ကာကွယ်ဆေးက ကလေးတွေမှာထိုးရင် ကိုယ်ဝန်ဆောင်တွေမှာထိုးရင် ဘယ်လောက်အထိ စိတ်ချရသလဲ။ အထူးသဖြင့် ကလေးတွေပေါ့နော်။ ကာကွယ်ဆေးရဲ့ စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှု၊ ထိရောက်မှုကို မသိပါဘူး။ မသိတဲ့အတွက် Pfizer Vaccine ဆိုရင် ၁၆ နှစ်နဲ့အထက်ပဲ ထိုးရမယ်။ Moderna Vaccine ဆိုရင် ၁၈ နှစ်နဲ့အထက် ထိုးရမယ်ဆိုပြီး ဒီလိုမျိုး တိတိကျကျ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကာကွယ်ဆေးတွေက ကလေးတွေမှာ စမ်းသပ်ထားခြင်းမရှိသေးလို့ပါပဲ” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။ ကမ္ဘာပေါ်တွင် ထိုကဲ့သို့ ပိုမိုလျင်မြန်စွာ ကူးစက်သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိနေရသဖြင့် ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းများကို ယခုထက်ပို၍ တိကျစွာလိုက်နာကြရန် လိုအပ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။















