စီစဉ် ဆောင်ရွက်စရာ ကိစ္စများပြီးစီးပါက NCA စာချုပ်တွင် လက်မှတ်ရေးထိုးမည်ဟု မွန်ပြည်သစ်သတင်းစဉ် Facebook စာမျက်နှာတွင် ဖော်ပြထား

စီစဉ် ဆောင်ရွက်စရာ ကိစ္စများပြီးစီးပါက NCA စာချုပ်တွင် လက်မှတ်ရေးထိုးမည်ဟု မွန်ပြည်သစ်သတင်းစဉ် Facebook စာမျက်နှာတွင် ဖော်ပြထား
Published 31 December 2017

စီစဉ် ဆောင်ရွက်စရာ ကိစ္စများပြီးစီးပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ် ရေးထိုးသွားမည်ဟု မွန်ပြည်သစ်ပါတီဌာနချုပ်၏ လူမှုကွန်ရက်စာမျက်နှာ ဖြစ်သည့် မွန်ပြည်သစ်သတင်းစဉ် Facebook စာမျက်နှာတွင် ဒီဇင်ဘာ ၂၈ ရက်က ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ၂/၂၀၁၇ ကို ဗဟိုဌာနချုပ်၌ ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း၊ အစည်းအဝေးတွင် အဓိကအားဖြင့် ယနေ့ ဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေး အလားအလာကို အပြန်အလှန် ဆွေးနွေးသုံးသပ်ကြပြီး အတူတကွ NCA လက်မှတ် ရေးထိုးနိုင်ရန်အတွက် နည်းလမ်းရှာဖွေ ဆွေးနွေးခဲ့ကြောင်းနှင့် စီစဉ်ဆောင်ရွက်စရာရှိသည်များ ပြီးစီးပါက လက်မှတ်ရေးထိုးသွားနိုင်မည် ဖြစ်ကြောင်း အဆိုပါ မွန်ပြည်သစ်သတင်းစဉ် Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့ပြင် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန် အပါအဝင် မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ် လယီကောင်း၊ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ကျော့ရဲ့၊ ထားဝယ်ခရိုင်ဥက္ကဋ္ဌ၊ ထားဝယ်ခရိုင် အတွင်းရေးမှူးတို့ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရေးမြို့နယ် ဝယ်ဇင်ကျေးရွာရှိ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ် ဝယ်ဇင်စခန်းတွင် လည်းကောင်း၊ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ရေးမြို့နယ် တူးမြောင်းကျေးရွာရှိ ကျိုက်ဒေတမော့ဗရတ် သာသနာပြုဌာန (ဦးဇင်းလေးကျောင်းတိုက်) တွင် ငြိမ်းချမ်းရေးကော်မရှင်မှ ဦးခင်ဇော်ဦး၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့ဝင်များနှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီး NCA လက်မှတ် ရေးထိုးရေးကိစ္စ အပါအဝင် ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်က မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် မွန်ပြည်သစ်ပါတီအနေဖြင့် NCA စာချုပ် လက်မှတ်ရေးထိုးရေးကိစ္စနှင့် ပတ်သက်၍ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး NCA စာချုပ် လက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်းအား မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ကို တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း UNFC မူဖြင့် မသွားဘဲ မွန်ပြည်သစ်ပါတီ၏ မူနှင့် သွားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်းကို ကြားသိရကြောင်း၊ ယင်းဆုံးဖြတ်ချက်ကို UNFC ကလည်း လက်ခံသည့်အတွက် မကြာခင် လက်မှတ်ရေးထိုးမည့်အချိန် ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် တိကျသည့် အဖြေပေးရန် လိုအပ်ချက်လေးများ ရှိနေသေးကြောင်း ကျိုက်ဒေတမော့ဗရတ် သာသနာပြုဌာန ဦးဆောင်ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ၏ မိန့်ကြားမှုအရ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီ အနေဖြင့် လက်မှတ်ရေးထိုးမည့် အကြောင်းအရာနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့် ရှိသူများထံ အတည်ပြုချက်ရယူရန် ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းအချိန်အထိ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မွန်ပြည်သစ်ပါတီသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိ ပြီး UNFC ဥက္ကဋ္ဌမှာလည်း မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာပင် ဖြစ်ကာ UNFC အဖွဲ့ဝင်များ NCA တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။

Most Read

Most Recent