တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ရွေးကောက်တင်မြှောက်ခံရသူအဖြစ် ကြေညာသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။
ရွေးကောက်ပွဲနည်းဥပဒေ ၇၇ အရ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းပုံစံ (၂၀)ကို အမည်စာရင်းတင်သွင်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တင်သွင်းကြရမည်ဟု UEC ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မတင်သွင်းပါက သက်ဆိုင်ရာရွေး ကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခြင်း ခံရမည်ဟု ဖော်ပြပါရှိသည်။
“အရေးယူမှုကတော့ ဆက်စပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဒီကိုယ်စားလှယ်သည် အရည်အချင်း ပျက်ယွင်းသွားပြီဆိုရင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ဘူး။ ငါးနှစ်သက်တမ်းပေါ့” ဟု ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကျော်စိုးဝင်းက ပြောကြားသည်။
ရွေးကောက်ပွဲနည်းဥပဒေများအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ ကုန်ကျစရိတ်အဖြစ် ကျပ် သိန်း ၁၀၀ သုံးစွဲခွင့်ရှိပြီး တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် ကျပ်သိန်း ၁၅၀ သုံးစွဲခွင့်ပြုထားသည်။
ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရာတွင် အသုံးပြုခဲ့သည့် ကုန်ကျစရိတ်များဖြစ်သော်လည်း စုဝေးမဲဆွယ်ပွဲများတွင် ကျန်းမာရေးဆိုင်ရာပစ္စည်းများ ဖြန့်ဝေမှုကို ရွေးကောက်ပွဲကုန်ကျစရိတ်တွင် ထည့်သွင်းဖော်ပြရန်မလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၁ ရက်တွင် ကြေညာထားသည်။
ယင်းကြေညာချက်အရ အဆောက်အအုံနှင့် ပြင်ပနေရာများတွင် သတ်မှတ်လူဦးရေဖြင့် ပြုလုပ်သောစု ဝေးမဲဆွယ်ပွဲတွင် ဖြန့်ဝေသော နှာခေါင်းစည်း (Mask)၊ မျက်နှာအကာ (Face Shield)၊ လက်သန့်စင်ဆေးရည် (Hand Sanitizer) နှင့် လက်အိတ် (Glove) များအတွက် အသုံးစရိတ်ကိုရွေးကောက်ပွဲ ကုန်ကျစရိတ်တွင် ထည့်သွင်းဖော်ပြရန် မလိုပေ။
ထိုသို့ မဲဆွယ်စည်းရုံးရေးအခမ်းအနားမှအပ အခြားနည်းဖြင့် မဲဆွယ်စည်းရုံးခြင်းနှင့်စပ်လျဉ်းသည့် အထက်ပါပစ္စည်းများကို သတ်မှတ်ထားသည့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတွင် ထည့်သွင်းသုံးစွဲရမည်ဟု ကော်မရှင်ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ရွေးကောက်ပွဲနည်းဥပဒေအရအဆိုပါ ရွေးကောက်ပွဲကုန်ကျစရိတ်များကို လွှတ်တော်ကိုယ်စားလှယ်လောင်းကိုယ်တိုင် သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်က ပေးချေခွင့်ရှိသည်။















