ချောင်းဦးမြို့နယ်တွင် ကြိုတင်မဲကောက်ယူရာ၌ UEC အမှတ်အသားမပါသော တံဆိပ်တုံးဖြင့် ဆောင်ရွက်ခဲ့သည့် ရပ်ကျေးကော်မရှင်အဖွဲ့ဝင်လေးဦးကို အမှုဖွင့်

ချောင်းဦးမြို့နယ်တွင် ကြိုတင်မဲကောက်ယူရာ၌ UEC အမှတ်အသားမပါသော တံဆိပ်တုံးဖြင့် ဆောင်ရွက်ခဲ့သည့် ရပ်ကျေးကော်မရှင်အဖွဲ့ဝင်လေးဦးကို အမှုဖွင့်
Published 6 November 2020
ကောင်းခန့်လင်း (မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် ကြိုတင်မဲကောက်ယူ ရာ၌ အသုံးပြုသည့်တံဆိပ်တုံးတွင် UEC အမှတ်အသား မပါသော တံဆိပ်တုံးဖြင့် ဆောင်ရွက်ခဲ့သည့် ရပ်ကျေးကော်မရှင် လေးဦးကို နိုဝင်ဘာ ၅ ရက် ညပိုင်းတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ရပ်ကျေးကော်မရှင်လေးဦးကို နိုဝင်ဘာ ၆ ရက်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ ကြောင်း၊ ချောင်းဦးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမှုဖွင့်တိုင်ကြားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၃ ရက်နေ့က ချက်ချင်းအမှု ဖွင့်လိုက်တယ်။ ၄ ရက်နေ့ကြတော့ တရားဝင်လက်မှတ်ပေးလိုက်တယ်။ ၅ ရက်နေ့ ညကြတော့ ဖြစ်စဉ်မှာပါတဲ့သူတွေကိုတာဝန် ရှိတဲ့သူတွေက ဆင်းပြီးစစ်တယ်။ အဲဒီညမှာ ပဲ လေးယောက်စလုံးကို စစ်ရင်းခေါ်သွားတာနေမှာ။ ဒီနေ့တော့ အာမခံပေးလိုက်တယ်လို့ပြောတယ်။ ငါးလုံးတင်အုပ်စုရပ် ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက  နှစ်ယောက်နဲ့ ငါးလုံးတင်က နှစ်ယောက်။အားလုံးပေါင်းလေးယောက်ပေါ့။ ဖြစ်စဉ်ကတော့ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းမှာရွာ ထဲကိုသွားပြီးတော့ မဲရုံသုံးရုံကိုကြိုတင်မဲကောက်တာ။ ကြိုတင်မဲကောက်တဲ့အခါမှာ အဘွားကြီးကိုကောက်တော့ NLD ပါတီက မဲရုံကိုယ်စားလှယ်တစ်ယောက်ကနေပြီး တော့ တံဆိပ်တုံးကို စစ်လိုက်တယ်။ စစ်လိုက်တော့ UEC တံဆိပ်မပါဘူး။ UEC တံဆိပ် မပါတာကိုအသုံးပြုလို့ ကျွန်တော်တို့ ကလည်း ရဲစခန်းမှာအမှုဖွင့်လိုက်တာ” ဟု ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ  ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးမျိုးဝင်းက ပြောကြားသည်။

ထို့ပြင် နိုဝင်ဘာ ၁ ရက်ကလည်း ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာ အုပ်စု၌ပင်  ရပ်ကျေးကော်မရှင်နှစ်ဦးကို ကြိုတင် မဲကောက်ယူသည့်ကိစ္စဖြင့်ပင် တာဝန်မှ ထုတ်ပယ်လိုက်ကြောင်းနှင့် ယင်းကိစ္စသည် သက်သေမခိုင်လုံသည့်အတွက် အမှုမဖွင့်ထားကြောင်း ၎င်းကပြောကြားသည်။

မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် အသက် ၆၀ နှင့်အထက် ကြိုတင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၁၅၃၀၀ ဦးအထိရှိ စုစုပေါင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၆၃၀၈ ဦးအထိရှိကာ မဲရုံ ၈၆ရုံအထိရှိကြောင်း  သိရသည်။

 

Most Read

Most Recent