ဗိုင်းရပ်စ်ပြဿနာကြောင့် အေဂျက်စ်နှင့် ဒိုင်နမိုကိဗ် အသင်းတို့သည် ပွဲကစားရန် အခက်အခဲများရှိနေသော်လည်း ရုပ်သံစာချုပ်များကြောင့် ပွဲဖြစ်အောင်ကစားရမည့် အခြေ အနေအပေါ် ဝေဖန်မှုများမြင့်တက်လျက်ရှိနေကြောင်း သိရှိရသည်။
အေဂျက်စ်အသင်း၏ ချန်ပီယံလိဂ်လူစာရင်းထဲမှ ကစားသမား (၁၁)ဦးသည် ဗိုင်းရပ်စ်စစ်ဆေးမှုတွင် Positive အဖြေထွက်ခဲ့ပြီး မစ်ဂျီလန်အသင်းနှင့် ကစားမည့် ပွဲစဉ်အတွက် လူပြည့်ရန် အရန်အသင်းကစားသမားများကို ထည့်ခေါ်လာရမည်ဖြစ်သည်။
ထို့အတူ ဘာစီလိုနာအသင်းနှင့် ကစားမည့် ဒိုင်နမိုကိဗ်အသင်းကလည်း ယင်းပွဲစဉ်အတွက် စစ်ဆေးမှုခံယူခဲ့ရာတွင် ကစားသမား(၉)ဦးအထိ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရသည်။ ဒိုင်နမိုကိဗ်အသင်းက အေဂျက်စ်အသင်းထက် ပိုမိုဆိုးရွားသည့် အခြေအနေမှာ ယင်း (၉)ဦးအပြင်၊ မူလကတည်းက ကူးစက်ခံထားရသဖြင့် Quarantine ဝင်နေရသည့် အခြားကစားသမား (၃) ဦးရှိနေသည်။
ထို့အတူ ဒဏ်ရာရနေသည့်ကစားသမား (၃)ဦးနှင့် ပွဲပယ်ခံထားရသည့် ကစားသမား (၁)ဦးတို့ပါရှိနေခြင်းကြောင့် ဒိုင်နမိုကိဗ်အသင်းသည် ဘာစီလိုနာနှင့်ပွဲအတွက် ကစားသမား (၁၃)ဦးသာ ကျန်ရှိတော့သည်။
ပထမဂိုးသမားနှင့် ဒုတိယဂိုးသမား (၂)ဦးစလုံး Positive ဖြစ်ခဲ့သဖြင့် ဂိုးသမားနေရာသည် အခက်ခဲဆုံးနေရာဖြစ်နေပြီး၊ ဘယ်နောက်ခံနှင့် ညာနောက်ခံလူနေရာများတွင်လည်း ဦးစားပေးကစားသမားများ ကူးစက်ခံထားရသည်။
UEFA ၏ စည်းမျဉ်းများအရ လူစာရင်းတင်ထားသည့် အထဲမှ (A) စာရင်းတွင် ပါဝင်သည့် ကစားသမား (၁၃)ဦး ရှိလျှင် မဖြစ်မနေပွဲကစားရမည်ဟုဆိုထားသဖြင့် ဒိုင်နမိုကိဗ်အသင်းသည် ဘာစီလိုနာနှင့်ပွဲကို ကစားရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ယင်းအတွက်ကြောင့် ကျန်းမာရေးပြဿနာနှင့် တရားမျှတသည့် ယှဉ်ပြိုင်မှုအခြေအနေကိုကျော်ကာ ရုပ်သံစာချုပ်များအရ မဖြစ်မနေကစားရန် သတ်မှတ်ထားသည့် စည်းမျဉ်းအပေါ် ဝေဖန်မှုများမြင့်တက်နေခြင်းဖြစ်သည်။















