ရွေးကောက်ပွဲကော်မရှင်၏ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အချို့ ပယ်ဖျက်ခြင်း၊ ပြန်လည်ကျင်းပခြင်း၊ ပြန်လည်ထုတ်ပြန်ခြင်းများအပေါ် တိုင်းရင်းသားပါတီများ ဝေဖန်

ရွေးကောက်ပွဲကော်မရှင်၏ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အချို့ ပယ်ဖျက်ခြင်း၊ ပြန်လည်ကျင်းပခြင်း၊ ပြန်လည်ထုတ်ပြန်ခြင်းများအပေါ် တိုင်းရင်းသားပါတီများ ဝေဖန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအစီအစဉ်ကို နေပြည်တော်တွင် ပြုလုပ်စဉ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအစီအစဉ်ကို နေပြည်တော်တွင် ပြုလုပ်စဉ်
Published 28 October 2020
ဉာဏ်လင်းထွန်း

ဝေဖန်မှုအများအပြား ထွက်ပေါ်ပြီးနောက် ချင်းပြည်နယ်ရှိ ပလက်ဝမဲဆန္ဒနယ်အချို့ကို ပြန်လည်ပယ်ဖျက်၍  ရခိုင်ပြည်နယ် မြို့နယ်အချို့ရှိ မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၄ ခုတွင် လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိ၍ ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ကော်မရှင်ကြေညာချက်တွင် ပါဝင်ခဲ့သည်။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA စစ်ရေးတင်းမာမှုရှိနေသော်လည်း ကော်မရှင်ကြေညာမှုတွင် ပါဝင်သော ကျေးရွာအုပ်စု ၃၀ နီးပါးတွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် အနေအထားရှိသည်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ (CNLD) အထွေထွေအတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းကျဲအိုဘိထောင်က ပြောကြားသည်။

“ ကြေညာထားတဲ့ ၉၀ ကျော်ထဲမှာ ၃၀ လောက်က ရွေးကောက်ပွဲကောင်းကောင်း ကျင်းပလို့ရတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာကို စာပို့မှာပါ” ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ် မင်းတပ်ခရိုင်တွင် တည်ရှိသည့် ပလက်ဝမြို့နယ်သည် ရပ်ကွက် ခုနစ်ခုနှင့် ကျေးရွာအုပ်စု ၉၅ အုပ်စုရှိရာ မြို့ပေါ်ရပ်ကွက် ခုနစ်ခုနှင့် ကျေးရွာအုပ်စုတစ်စုတို့တွင်သာ ရွေးကောက်ပွဲကျင်းပမည့် အနေအထားဖြစ်သည်။

ရွေးကောက်ပွဲကျင်းပခြင်းမရှိသည့် မဲဆန္ဒနယ်မြေများနှင့်ပတ်သက်၍ ကော်မရှင်၏ အောက်တိုဘာ ၁၆ ရက် ကြေညာမှုတွင် ပလက်ဝမြို့နယ် မပါဝင်သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် ကော်မရှင်က ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲမကျင်းပသည့်နယ်မြေများကို လုံခြုံရေးအရသာ စဉ်းစားရန်နှင့် ဘက်လိုက်မှုကင်းစွာ ဆုံးဖြတ်ရန် CNLD က တောင်းဆိုသည်။

“ တစ်ခုလုံးပိတ်တာ၊ မပိတ်တာတို့ကတော့ သူတို့အပိုင်း။ တစ်ခုလုံးပိတ်ရင်လည်း ပိတ်၊ မပိတ်ဘူးဆိုရင်လည်း လုံခြုံရေးရှုထောင့်ကနေ ကြည့်ပါ။ နိုင်ငံရေးရှုထောင့်နေ မကြည့်ဖို့နဲ့ ပါတီတစ်ခုခုရဲ့ လွှမ်းမိုးမှုကို အခြေခံပြီးတော့ မဆုံးဖြတ်ဖို့ပဲ ကျွန်တော်တို့က တောင်းဆိုတာ” ဟု ဆလိုင်းကျဲအိုဘိထောင်က ပြောကြားသည်။

ပလက်ဝရှိ ကျေးရွာအုပ်စုအများကို မဲဆန္ဒနယ်အဖြစ်မှ ပယ်ဖျက်ခဲ့ခြင်းကြောင့် မြို့နယ်လုံးအတိုင်းအတာဖြင့် မဲပေးခွင့်ရှိသူ ခြောက်သောင်းကျော်အနက် တစ်သောင်းဝန်းကျင်သာ မဲပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒနယ်များပယ်ဖျက်မှုအပေါ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ လုံခြုံရေး သဘောထား မှတ်ချက်များအပေါ် အခြေခံဆောင်ရွက်သည်ဟုသိရပြီး မဲပေးခွင့်ဆုံးရှုံးသူများအတွက် စိတ်မကောင်းဖြစ်မိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ချင်းပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဆလိုင်းအိုက်ဇက်ခင်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

“ မဲပေးခွင့် ဆုံးရှုံးလိုက်ရတဲ့ ပလက်ဝမြို့နယ်က ပြည်သူတွေအတွက် ဝမ်းနည်းမိသလို ပလက်ဝမြို့နယ်ရဲ့ ပကတိကိုယ်စားပြုမှုကို ပုံပျက်သွားစေနိုင်တဲ့ အခင်းအကျင်းတစ်ခု ဖန်တီးပေးလိုက်တယ်လို့ပဲ ပြောပါရစေ” ဟု ၎င်းက ပြောကြားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ် မဲဆန္ဒနယ်အားလုံးကို NLD ပါတီမှ ကိုယ်စားလှယ်များ အနိုင်ရရှိခဲ့သည်။

ထို့ကြောင့်လည်း တပ်မတော်နှင့် AA အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့်တိုင် ရွေးကောက်ပွဲကို မဲဆန္ဒနယ်အချို့ဖြင့် ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်ဟု ဝေဖန်မှုအချို့ရှိသည်။

ရွေးကောက်ပွဲကျင်းပခြင်းမရှိသည့် မဲဆန္ဒနယ်စာရင်းကို ကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာခဲ့ပြီး ထိုအချိန်က ပလက်ဝမြို့နယ်သည် ရွေးကောက်ပွဲကျင်းပခြင်းမရှိသည့် စာရင်းတွင်ပါဝင်ခြင်း မရှိပေ။

တပ်မတော်က ပလက်ဝမြို့နယ်တွင် လုံခြုံရေးအားနည်းကြောင်း ကော်မရှင်ကို အကြံပြုခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပလိုပြီး လုံခြုံရေးပေးရန် ပြန်လည်ညှိနှိုင်းခဲ့သည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာ၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းသို့ ပလက်ဝမဲဆန္ဒနယ်အချို့ကို ပြန်လည်ပယ်ဖျက်ပြီး ရခိုင်ပြည်နယ် မြို့နယ်အချို့ရှိ မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဟု ကော်မရှင်က အောက်တိုဘာ ၂၇ ရက်တွင် တစ်ဆက်တည်း ကြေညာသည်။

ကော်မရှင် ကြေညာချက်အရ ရွေးကောက်ပွဲပြန်လည်ကျင်းပမည့် မဲဆန္ဒနယ်အချို့မှာ ကျောက်ဖြူမြို့နယ်ရှိ ဂုံးချိန်ကျေးရွာအုပ်စု၊ စစ်တောကျေးရွာအုပ်စုနှင့် အဝတောင်ကျေးရွာအုပ်စု၊ အမ်းမြို့နယ်ရှိ အမ်းမြောက်ကျေးရွာအုပ်စု၊ အောက်ကျေးရွာအုပ်စု၊ လုံးကောက်ကျေးရွာအုပ်စုနှင့် အမ်းတောင်ကျေးရွာအုပ်စုတို့ ဖြစ်သည်။

သို့ရာတွင် ပြန်လည်ကျင်းပသည့် ရွေးကောက်ပွဲမဲဆန္ဒနယ်များ၌ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်လျက်ရှိပြီး တပ်မတော်သားများနှင့် ၎င်းတို့မိသားစုဝင်များ ဆန္ဒမဲပေးခွင့်ရစေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌက ဦးသာထွန်းလှက ဝေဖန်သည်။

“ အမ်းရော၊ ကျောက်ဖြူရော အဲဒီလိုဖြစ်ဖို့ များတယ်။ အဲဒီနားမှာ စစ်တပ်မဲရုံတွေကို တပ်အပြင်ကို ထုတ်ထားတယ်ဆိုတော့ တပ်က မိသားစုတွေ မဲပေးမယ့်ကျေးရွာအုပ်စုတွေကို ရွေးကောက်ပွဲပြန်လုပ်ဖို့ ကြေညာတာဖြစ်ဖို့များတယ်လို့ မြင်တယ်” ဟု ဦးသာထွန်းလှက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ပယ်ဖျက်သည့် မဲဆန္ဒနယ်အချို့ရှိနေရာ ယခုကဲ့သို့ ကျေးရွာအုပ်စုအချို့တွင် ပြန်လည်ကျင်းပမည်ဟု ကြေညာခြင်းက ပြည်သူအများစုကို ကိုယ်စားပြုသည့် ရွေးကောက်ပွဲဖြစ်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

ကော်မရှင်၏ အောက်တိုဘာ ၁၆ ရက် ကြေညာမှုတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ကိုးမြို့နယ်အပါအဝင် မြို့နယ်လေးခုရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့ကို လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိဟုဆိုကာ မဲဆန္ဒနယ်အဖြစ်မှ ချန်လှပ်ခဲ့သည်။

ယင်းတို့အနက် ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၄ ခုနှင့် အမ်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၂ ခုပါ ဝင်ခဲ့ပြီး ယခုပြန်လည်ကြေညာမှုအရ အဆိုပါ မဲဆန္ဒနယ်များရှိ  မဲဆန္ဒနယ် ခုနစ်ခုတွင် ရွေးကောက်ပွဲကျင်းပမည့် အနေအထားဖြစ်သည်။

“ အဲဒီအုပ်စုသုံးခုမှာ စစ်တောဆိုအုပ်စုက ကျမ်ချိန်ဆိုတဲ့ရွာမှာ မြန်မာ့တပ်မတော်ကနေ အဲဒီရွာထဲဝင်လို့ သံသယနဲ့ ဖမ်းတာဆီးတာမျိုးတွေ ဖြစ်ခဲ့တဲ့ဒေသဗျ။ အဲဒီက လူတွေအားလုံးက ကျောက်ဖြူကို ပြောင်းသွားကြတယ်ဆိုပြီး Facebook မှာလည်း တက်လာတာကို တွေ့ကြမှာပါ။ အဲဒီလိုဒေသမျိုး ဖြစ်တယ်။ အဝတော်ဆိုတာကလည်း မိုင်းပေါက်တာ မကြာသေးဘူး။ အဝတော်အုပ်စုနားက တံတားတစ်ခုမှာ ပေါက်တာ။ အဲဒီမှာ လူသေတာလည်း ရှိတယ်။ ရှိတဲ့အခါကျတော့ အဲဒီအုပ်စုကလူတွေလည်း အဲဒီရွာတွေမှာ မရှိတော့ဘူး တူတယ်ဗျ။ အဲဒီလိုဖြစ်နေမှန်း သိရက်နဲ့ ရွေးကောက်ပွဲကျင်းပမယ့်နေရာထဲမှာ ထည့်ထားတာဆိုတော့ တပ်ရဲ့မဲကို လိုချင်လို့ဆိုတဲ့သဘောမျိုးတော့ အမြင်ရှိတယ်” ဟု ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်ပါဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွင် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကျော်လွင်က ပြောကြားသည်။

ကျောက်ဖြူမြို့ပေါ်တွင် ခလရ ၃၄ ရှိပြီး ဂုံးချိန်ကျေးရွာအုပ်စု၊ အဝတောင်ကျေးရွာအုပ်စုနှင့် စစ်တောကျေးရွာအုပ်စုတို့တွင် တပ်မတော် တပ်ရင်းတပ်ဖွဲ့နှင့် ရေတပ်စခန်းများရှိကြောင်း ၎င်းက ပြောကြားသည်။

ကော်မရှင်အနေဖြင့် ကျောက်ဖြူနှင့် အမ်းမြို့နယ်တို့ရှိ မဲဆန္ဒနယ်အချို့ကို ရွေးကောက်ပွဲကျင်းပမည့်စာရင်းတွင် ပြန်လည်ထည့်သွင်းသော်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ပေါက်တောမြို့နယ်အပါအဝင် မြို့နယ်အချို့နှင့် ရပ်ကွက်ကျေးရွာအုပ်စုအချို့ ရွေးကောက်ပွဲကျင်းပမည့်စာရင်းတွင် ပြန်လည်ပါဝင်လာခြင်း မရှိသေးပေ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၂၇ ရက် ကြေညာချက်အရ ရှမ်းပြည်နယ် မူဆယ်မြို့နယ်ရှိ တော်ရွက်ရပ်ကွက်၊ လားရှိုးမြို့နယ်ရှိ မယ်ဟန်ကျေးရွာအုပ်စု၊ ကွမ်းလံမြို့နယ်ရှိ မန်ပြိန်းကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပမည် ဖြစ်သည်။

Most Read

Most Recent