လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှု မြင့်တက်နိုင်သည့် ကိုယ်စားလှယ်လောင်းအချို့နှင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်းအချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ်ဖော်ပြလိုက်ပါသည်။
အမည် - ဦးကျော်ဝင်းမောင်
အသက် - ၆၆ နှစ်
ပညာအရည်အချင်း - ဘီအီးဒီ (စနစ်သစ်)
လူမျိုး - ကရင်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးကျော်ဝင်းမောင်သည် လက်ရှိတွင်လည်း ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ ဦးကျော်ဝင်းမောင်သည် ပညာရေးနယ်ပယ်မှဖြစ်ပြီး အထက်တန်းပြဆရာ တစ်ဦးဖြစ်သည့်အပြင် လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ဖူးသည်။ ဦးကျော်ဝင်းမောင် ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်တွင် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံး ရရှိခဲ့သည့် ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်လောင်း ဒေါက်တာမိယဉ်ချမ်းမှာ ယခုအခါ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ဦးကျော်ဝင်းမောင်အနေဖြင့် ဒေါက်တာမိယဉ်ချမ်းအပါအဝင် ပြည်ခိုင်ဖြိုးပါတီ၊ ဒေသတွင်း ထောက်ခံမှုရရှိလာသည့် မွန်ညီညွတ်ရေးပါတီတို့ကို အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ အနိုင်ရရှိရန်မှာ မလွယ်ကူသည့် အခြေအနေဖြစ်သည်။
အမည် - ဒေါက်တာမိယဉ်ချမ်း
အသက် - ၃၉ နှစ်
ပညာအရည်အချင်း - AGTI (MP), Ph.D (History)
လူမျိုး/ ဘာသာ - မွန်/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါက်တာမိယဉ်ချမ်းသည် အသက်အရွယ်အားဖြင့် လူလတ်ပိုင်းဖြစ်ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ကျိုက်မရောမဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုရွေးချယ်ခံခဲ့ရပြီး လွှတ်တော်အတွေ့အကြုံ ရှိထားသူဖြစ်သည်။ ၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းသည် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင်လည်း ဖြစ်သည်။ ယခုအခါ ပြည်မပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေါက်တာမိယဉ်ချမ်းသည် လွှတ်တော်နှင့် ရွေးကောက်ပွဲအတွေ့အကြုံရှိသည့်အပြင် ဒေသခံများအကြား မျက်နှာသိတစ်ဦးဖြစ်သဖြင့် ရွေးကောက်ပွဲအနိုင်ရရှိရေး ရာခိုင်နှုန်းတစ်ခုရှိပြီး ဒေသတွင်း နိုင်ငံရေးပြောင်းလဲမှုအရ ဒေသခံ မွန်ညီညွတ်ရေးပါတီကို အဓိကယှဉ်ပြိုင်ရဖွယ်ရှိသည်။
အမည် - ဦးနိုင်နိုင်ဝင်း
အသက် - ၄၆ နှစ်
ပညာအရည်အချင်း - AGTI- Civil (Chuck), Specialist Diaploma in Construction Management BCA Singapore
လူမျိုး/ ဘာသာ - မွန်/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - UBP ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ချောင်းဆုံ/ ပြည်သူ့လွှတ်တော်
ဦးနိုင်နိုင်ဝင်းသည် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်မပါတီအသစ်ဖြစ်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ ယှဉ်ပြိုင်သည့် မွန်လူမျိုး ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်တွင် ပြည်မပါတီများက အနိုင်ရရှိခဲ့သည့် နေရာဖြစ်၍ ဦးနိုင်နိုင်ဝင်းအနေဖြင့်လည်း အလားအလာကောင်းသည်ဟု ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်တွင် ဒေသခံတိုင်းရင်းသားပါတီဖြစ်သည့် မွန်ညီညွတ်ရေးပါတီ၊ NLD ပါတီနှင့် လက်ရှိအနိုင်ရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီတို့အား ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ် ဖြစ်သည်ဟုသုံးသပ်ရသည်။ သို့ရာတွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းအစား ပြည်ခိုင်ဖြိုးပါတီက လူပြောင်း၍ ဝင်ရောက်မည်ဖြစ်သဖြင့် ဦးနိုင်နိုင်ဝင်းအတွက် ပိုမိုအခွင့်အလမ်းရှိမည်ဖြစ်သည်။
အမည် - ဦးဇော်မိုး (ခ) ဦးနိုင်ရဲဇော်
အသက် - ၅၇ နှစ်
ပညာအရည်အချင်း - B.A (History)
လူမျိုး - မွန်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဇော်မိုး (ခ) နိုင်ရဲဇော်သည် မွန်လူမျိုးတစ်ဦးဖြစ်ပြီး ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် မွန်ညီညွတ်ရေးပါတီမှ ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်၍ ဒေသအတွင်း စိတ်ဝင်စားမှုခံရသူဟု ဆိုနိုင်သည်။ ၎င်းအနေဖြင့် ပါတီကချမှတ်ထားသည့် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ရေးနှင့် ဒေသခံများ၏ အခက်အခဲများ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၅ တွင် NLD ပါတီက အနိုင်ရရှိသည့်အတွက် ယခုရွေးကောက်ပွဲတွင် ဦးဇော်မိုး (ခ) နိုင်ရဲဇော်အနေဖြင့် ဒေသခံများ၏ ထောက်ခံမှုရရှိရန် လိုအပ်သည်ဟု သုံးသပ်ရသည်။ ယင်းမဲဆန္ဒနယ်တွင် ပြည်သူ့ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အမည် - ဦးစောလင်းအောင်
အသက် - ၄၈ နှစ်
ပညာအရည်အချင်း - B.Sc (Chemistry)
လူမျိုး - မွန်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးစောလင်းအောင်သည် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် မွန်ညီညွတ်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သဖြင့် ဒေသခံတိုင်းရင်းသားများ၏ စိတ်ဝင်စားခံရသူဟု ဆိုနိုင်သည်။ ၎င်းအနေဖြင့် တိုင်းရင်းသားများ၏ အသံကို အကောင်အထည်ဖော်ပေးရန်အတွက် ဝင်ရောက်ရွေးချယ်ခံခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ၎င်းမွန်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးနှင့် အဂတိလိုက်စားမှုများ ပပျောက်ရေး ဆောင်ရွက်ရမည်ဟု ကြွေးကြော်ထားသည်။ ချောင်းဆုံမဲဆန္ဒနယ်သည် ၂၀၁၅ တွင် NLD ပါတီက အနိုင်ရရှိခဲ့သည်။ ထို့နောက် ချောင်းဆုံမြို့နယ်တွင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရခဲ့သည့်အတွက် စိတ်ဝင်စားစရာကောင်းသည့် မဲဆန္ဒနယ်ဖြစ်သည်။ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ စသည့် လေးပါတီသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အမည် - ဦးစံတင် (ခ) နိုင်စံတင်
အသက် - ၆၁ နှစ်
ပညာအရည်အချင်း - တိ/ မွေးကု (ဒီပလိုမာ)၊ B.Sc (ဂုဏ်ထူး)၊ M.Sc (ကျမ်းပြု) သတ္တဗေဒ
လူမျိုး/ ဘာသာ - မွန် / ဗုဒ္ဓ
ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မုဒုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးစံတင် (ခ) နိုင်စံတင်သည် ပညာတတ်မွန်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး မွန်ညီညွတ်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်သည့်အတွက် မုဒုံမြို့နယ်ဒေသခံများကြား စိတ်ဝင်စားမှုရှိသူဟု ဆိုနိုင်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို NLD ပါတီက အနိုင်ရရှိထားသည်။ သို့သော် ထိုစဉ်က ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့သည့် မွန်အမျိုးသားပါတီအနေဖြင့် မဲရလဒ် အတိုင်းအတာတစ်ခု ရရှိခဲ့သည်။ ယခုရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများကို ဒေသခံများထောက်ခံမှုမြှင့်တက်မှုအရ ဦးစံတင် (ခ) နိုင်စံတင်အနေဖြင့် ဒေသခံများ၏ ထောက်ခံမှုရရှိနိုင်သည်ဟု သုံးသပ်ရသည်။ အဆိုပါ မဲဆန္ဒနယ်တွင် အာဏာရပါတီ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အမည် - ဦးသက်လွင်
အသက် - ၆၁ နှစ်
ပညာအရည်အချင်း - B.Sc (Physic)
လူမျိုး - မွန်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မုဒုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးသက်လွင်သည် မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် မွန်လူမျိုး ကိုယ်စားလှယ်လောင်းဖြစ်သည်။ ထို့ပြင် ဦးသက်လွင်သည် ဒုတိယရဲမှူး အငြိမ်းစားတစ်ဦးလည်းဖြစ်သည့်အတွက် စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူဟု ဆိုရမည်ဖြစ်သည်။ ၎င်းအနေဖြင့် အင်အားကြီးပါတီ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းဖြစ်သည့်အလျောက် ပြိုင်ဘက်ပါတီများဖြစ်သည့် NLD ပါတီနှင့် ဒေသတွင်းတိုင်းရင်းသားပါတီဖြစ်သည့် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် မုဒုံမဲဆန္ဒနယ်တွင် မဲရလဒ်တတိယအများဆုံးဖြစ်ပြီး ထောက်ခံမှုတစ်စုံတစ်ရာ ရရှိထားသည်။
အမည် - ဒေါက်တာ ဗညားအောင်မိုး
အသက် - ၇၂ နှစ်
ပညာအရည်အချင်း - M.B.B.S
လူမျိုး - မွန်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရေးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါက်တာဗညားအောင်မိုးသည် ပထမအကြိမ်လွှတ်သက်တမ်းတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှဝင် ရောက်အရွေးချယ်ခံကာ အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်းမှုမရှိဘဲဝင်ပြိုင်မှုကြောင့် နှစ်ပါတီမဲရလဒ်မှာ NLD ပါတီထက်များသော်လည်း မဲကွဲ၍ NLD ပါတီကို ရှုံးနိမ်ခဲ့သည်။ အဆိုပါအတွေ့အကြုံအရပင် မွန်ပါတီများပေါင်းစည်းပြီးပေါ်ထွက်လာသည့် မွန်ညီညွတ်ရေးပါတီမှ ယှဉ်ပြိုင်မည့် ဒေါက်တာ ဗညားအောင်မိုးအတွက် ရွေးကောက်ပွဲအနိုင်ရရှိရန် အလားအလာကောင်းလျက်ရှိသည်။
အမည် - ဦးဉာဏ်ဟိန်း
အသက် - ၆၅ နှစ်
ပညာအရည်အချင်း - B.Sc (Geology), HGP
လူမျိုး - တရုတ်-မွန်-ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဉာဏ်ဟိန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ဦးဉာဏ်ဟိန်းသည် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ ၎င်းအနေဖြင့် ပြိုင်ဘက်ပါတီမှာ ပြည်ခိုင်ဖြိုးပါတီဖြစ်သော်လည်း ပြည်နယ်တွင်းနိုင်ငံရေးပြောင်းလဲမှုအရ ယခုရွေးကောက်ပွဲ၌ ဒေသတွင်း မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းကို အဓိကယှဉ်ပြိုင်ရမည်ဟု သုံးသပ်ရသည်။ ယင်းမဲဆန္ဒနယ်တွင် ပြည်မပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီလည်း ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်ဟု သုံးသပ်ရသည်။
အမည် - ဦးဝင်းမင်းထွန်း
အသက် - ၃၉ နှစ်
ပညာအရည်အချင်း - B.A (Eco)
လူမျိုး - မွန်/ ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဝင်းမင်းထွန်းသည် ပြင်ပကျောင်းဆရာတစ်ဦးဖြစ်ပြီး ပညာရေးအခက်အခဲများရှိသူများတွက် အထက်တန်းပညာရေး အခမဲ့ဖွင့်လှစ်သင်ကြားပေးသူလည်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၅ ခုနှစ်တွင် NLD ပါတီက အနိုင်ရရှိထားသည်။ လူလတ်ပိုင်းအရွယ် ပညာတတ်တစ်ဦးဖြစ်သည့် ဦးဝင်းမင်းထွန်းကို ၎င်း၏ပါတီနှင့် ကိုယ်ပိုင်အရည်အချင်းတို့ကြောင့် ဒေသခံများ စိတ်ဝင်စားမှုရှိမည်ဖြစ်သည်။ ထို့ပြင် NLD ပါတီမှယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်မဟုတ်ဘဲ အခြားတစ်ဦးဖြစ်နေခြင်းက ၎င်းအတွက် အားသာချက်ဖြစ်လာနိုင်သည်။
အမည် - ဦးဖုန်းဝင်း
အသက် - ၆၀ နှစ်
ပညာအရည်အချင်း - B.A (Eco) လုပ်သားကောလိပ်- ရန်ကုန်
လူမျိုး/ ဘာသာ - မွန်- ဗမာ/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဖုန်းဝင်းသည် မွန်လူမျိုးဖြစ်သည့်အလျောက် မွန်ညီညွတ်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းဖြစ်၍ ဒေသခံများကြား စိတ်ဝင်စားခံရသူဟု သုံးသပ်ရသည်။ အသက်အရွယ်အားဖြင့် လူကြီးပိုင်းဖြစ်ပြီး ပညာတတ်တစ်ဦးဖြစ်သောကြောင့် ယင်းမဲဆန္ဒနယ်တွင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများကို အနိုင်ရရှိရန် ၎င်းကို ပါတီက ရွေးချယ်ထားဟန်ရှိသည်။ ၎င်းအနေဖြင့်လည်း ဒေသတွင်းတိုင်းရင်းသားများ၏ ထောက်ခံမှုရှိနိုင်သည့် အလားအလာရှိသည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲက NLD ပါတီက အနိုင်ရရှိထားသည်။ ဦးဖုန်းဝင်းအနေဖြင့် ပြိုင်ဖက်အာဏာရပါတီ NLD ပါတီကို အဓိကယှဉ်ပြိုင်မည်ဖြစ်သည်။
အမည် - ဦးမျိုးဝင်း
အသက် - ၆၁ နှစ်
ပညာအရည်အချင်း - B.Sc (Chemistry)
လူမျိုး - မွန်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရေးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးမျိုးဝင်းသည် လက်ရှိမွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၈) လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မွန်လူမျိုးတစ်ဦးဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ရေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကို ပြောင်းလဲယှဉ်ပြိုင်ခြင်းဖြစ်သည်။ ဦးမျိုးဝင်းသည် လွှတ်တော်တွင်း မေးခွန်းမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ မကြာခဏပါဝင်ပြုလုပ်လေ့ရှိသည်။ ရေးမြို့နယ်တွင် လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည်လည်း NLD ပါတီမှဖြစ်ပြီး ယေဘုယျအားဖြင့် ဦးမျိုးဝင်းအနေဖြင့် ရွေးကောက်ပွဲအနိုင်ရရှိရန် လွယ်ကူမည်ထင်ရနိုင်သော်လည်း အဓိက မွန်ပါတီနှစ်ခု ပေါင်းထားသည့် မွန်ညီညွတ်ရေးပါတီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် ၎င်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
အမည် - ဦးအောင်မြင့်စိန်
အသက် - ၆၀ နှစ်
ပညာအရည်အချင်း - A.G.T.I
လူမျိုး - မွန်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးအောင်မြင့်စိန်သည် ဒေသခံတိုင်းရင်းသားများ၏ ထောက်ခံမှုမြင့်တက်နေသည့့် မွန်ညီညွတ်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သောကြောင့် အလားအလာကောင်းတစ်ခုရရှိထားသည်။ ယခု ၎င်းဝင်ရောက်ယှဉ်ပြိုင်သည့် သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ရော်ဘာလုပ်ငန်းလုပ်ကိုင်သည့် ၎င်းအနေဖြင့် ဒေသခံများကရွေးချယ်စဉ်းစားမည်ဆိုပါက နောက်ခံပါတီကြောင့်ပင် အားသာချက်များစွာရှိပြီး အဓိက NLD ပါတီကို ရင်ဆိုင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဒုတိယအနေဖြင့် ပြည်ခိုင်ဖြိုးပါတီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြည်နယ်တွင်း နိုင်ငံရေးအခြေအနေပြောင်းလဲမှုက ၎င်းအတွက် အခွင့်အရေးတစ်ရပ်ဖြစ်သည်။
အမည် - ဒေါ်မိကွန်ချမ်း
အသက် - ၄၇ နှစ်
ပညာအရည်အချင်း - B.A (မြန်မာစာ)
လူမျိုး - မွန်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါ်မိကွန်ချမ်းသည် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာကို ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားပြီး လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ထို့ပြင် ၎င်းသည် Managing Director (Morning Pearl Co.,Ltd) အဖြစ် လုပ်ကိုင်လျက်ရှိသူလည်း ဖြစ်သည်။ ၎င်းသည် လွှတ်တော်အတွင်း ကြယ်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဥပဒေကြမ်းများကို ထောက်ပြဆွေးနွေးလေ့ရှိသူလည်း ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် တိုင်းရင်းသားများထောက်ခံမှုရှိနေသည့် မွန်ညီညွတ်ရေးပါတီနှင့် ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီတို့ကို အဓိကယှဉ်ပြိုင်ရမည်အနေအထားရှိသည်ဟု သုံးသပ်ရသည်။
အမည် - ဒေါ်ယဉ်ယဉ်နု (ခ) မိကျေဝ်ကျေဝ်ညီ
အသက် - ၄၀ နှစ်
ပညာအရည်အချင်း - B.A (History)
လူမျိုး - မွန်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
မိကျေဝ်ကျေဝ်ညီသည် လူလတ်ပိုင်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်သည့် ပါတီခြောက်ခုအနက် အမျိုးသမီးကိုယ်စားလှယ်လောင်း လေးဦးပါဝင်ယှဉ်ပြိုင်မှုကလည်း ထူးခြားမှုတစ်ရပ်ဖြစ်သည်။ ၎င်းသည် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ယင်းမဲဆန္ဒနယ်အတွင်း NLD ပါတီမှ လက်ရှိလွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းနှင့် ပြည်ခိုင်ဖြိုးပါတီတို့ကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ပြင် အခြားပါတီများဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ စသည်တို့နှင့်လည်း ယှဉ်ပြိုင်ရမည်ဖြစ်၍ မဲကွဲမှုကိုလည်း သတိထားရမည့်အခြေအနေရှိသည်။
အမည် - ဦးတင်ကိုကိုဦး
အသက် - ၄၄ နှစ်
ပညာအရည်အချင်း - B.Sc (Geology), MPA (Thesis)
လူမျိုး/ ဘာသာ - ဗမာ / ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးတင်ကိုကိုဦးသည် လက်ရှိဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးတင်ကိုကိုဦးအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ အနိုင်ရရှိရန်မလွယ်ကူပေ။ ဦးတင်ကိုကိုဦး အဓိကယှဉ်ပြိုင်ရမည်မှာ ပြည်ခိုင်ဖြိုးပါတီဖြစ်သည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမိုးအောင်သည် ယခုအခါ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ ယှဉ်ပြိုင်မည်ဖြစ်သဖြင့် အနိုင်ရရှိရန် ပိုမိုခက်ခဲနိုင်သည်။ ထို့ပြင် ဘီလင်းမြို့နယ်တွင် ကရင်တိုင်းရင်းသားနေထိုင်ပြီး ယခုရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီက ဝင်ရောက်ယှဉ်ပြိုင်သဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ပြီး မဲကွဲမှုများလည်း ရှိလာမည်ဖြစ်သည်။
အမည် - ဦးစောလင်းနန္ဒစိုး
အသက် - ၃၄ နှစ်
ပညာအရည်အချင်း -LL.B
လူမျိုး - ကရင်၊ ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဘီလင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဘီလင်းမဲဆန္ဒနယ်သည် ကရင်တိုင်းရင်းသားများ နေထိုင်သော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ အဓိကယှဉ်ပြိုင်ခဲ့သည့် နေရာဖြစ်ပြီး NLD ပါတီကအနိုင်ရရှိထားသည်။ ယခုရွေးကောက်ပွဲတွင် လူငယ်တစ်ဦးဖြစ်သည် ဦးစောလင်းနန္ဒစိုးက ကရင်ပြည်သူ့ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခြင်းက ထူးခြားမှုတစ်ရပ်ဖြစ်သည်။ ဘီလင်းမဲဆန္ဒနယ်တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီမှ ဒေါ်စန္ဒာ၊ တစညပါတီမှ ဦးသိန်းလွင်၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးစိုးမင်းစမ်း စသည်ဖြင့် ပါတီရှစ်ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ပြိုင်ဆိုင်မှုပြင်းထန်မည်ဖြစ်သည်။
အမည် - ဒေါက်တာသန်းမျိုး
အသက် - ၆၇ နှစ်
ပညာအရည်အချင်း - M.B.B.S (Ygn)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သထုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါက်တာသန်းမျိုးသည် သထုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ သထုံမြို့နယ်မဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲက ပြည်ခိုင်ဖြိုးပါတီသည် ဒုတိယမဲအများဆုံးရရှိပြီး ပြိုင်ဖက်ပါတီ NLD ကိုရှုံးနိမ့်ထားသည်။ ယခုရွေးကောက်ပွဲတွင် ဒေါက်တာသန်းမျိုးအနေဖြင့် NLD ပါတီကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဒေသအတွင်း တိုင်းရင်းသားပါတီများနှင့် ပါတီအသစ်များ ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်ဖြစ်သည့်အတွက် စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည် မဲဆန္ဒနယ်တစ်ခုဖြစ်သည်ဟု သုံးသပ်ရသည်။
အမည် - ဒေါက်တာစိုးမိုးအောင် (ခ) ကိုမိုး
အသက် - ၅၀ နှစ်
ပညာအရည်အချင်း - B.V.S
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါက်တာစိုးမိုးအောင် (ခ) ကိုမိုးသည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယဦးစီးဌာနမှူး အငြိမ်းစားတစ်ဦးဖြစ်ပြီး ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည်။ ယခုအခါ ဒေါက်တာစိုးမိုးအောင်သည် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် စိတ်ဝင်စားဖွယ် အခြေအနေတစ်ရပ်ဖြစ်သည်။ သို့ရာတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ပါတီငါးခုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ယင်းမဲဆန္ဒနယ်တွင် ယခုအခါ ပါတီရှစ်ခုအထိ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။