“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ” (ကရင်ပြည်နယ်)

“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ” (ကရင်ပြည်နယ်)
Published 25 October 2020

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှု မြင့်တက်နိုင်သည့် ကိုယ်စားလှယ်လောင်းအချို့နှင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်းအချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ်ဖော်ပြလိုက်ပါသည်။

အမည် - မန်းအောင်ကြိုင်

အသက် - ၅၆ နှစ်

ပညာအရည်အချင်း -B.Sc (Maths)

လူမျိုး - ကချင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁)

မန်းအောင်ကြိုင်အနေဖြင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီး ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ၎င်းသည် မော်လမြိုင်တက္ကသိုလ်မှ သိပ္ပံဘာသာတွဲဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်ပြီး နန်းဆံလစ် အ.မ.ကတွင် မူလတန်းပြဆရာအဖြစ် လည်းကောင်း၊ နောင်တပွဲ အ.လ.က တွင် မူလတန်းပြဆရာအဖြစ် လည်းကောင်း၊ ကော့ကရိတ်ခရိုင် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဓာတ်ပုံကျွမ်းကျင် (၂) တာဝန်ကို (၆) နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့ကာ မြို့နယ်သတင်းထောက်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ကရုဏာဖောင်ဒေးရှင်းအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မန်းအောင်ကြိုင်သည် မိသားစုနှင့်အတူ ဓာတ်ပုံ၊ ကွန်ပျူတာ၊ မိတ္တူ၊ ဗီနိုင်းလုပ်ငန်းများကို တည်ထောင်လုပ်ကိုင်လျက်ရှိသည်။ ယင်းမဲဆန္ဒနယ်အတွက် မန်းအောင်ကြိုင်သည် အာဏာရပါတီကိုယ်စားလှယ်အပါအဝင် ပြည်မပါတီသုံးခုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - စောမင်းမင်းမြိုင်

အသက် - ၄၅ နှစ်

ပညာအရည်အချင်း - B.A (မြန်မာ)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၂)

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကိုယ်စားပြု၍ ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စောမင်းမင်းမြိုင်သည် ဘားအံမြို့နယ် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ လူငယ်တာဝန်ခံတစ်ဦးဖြစ်ပြီး လူငယ်တို့၏ အနာဂတ်မြှင့်တင်နိုင်ရေး အနာဂတ်လှပရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် စေတနာ့ဝန်ထမ်းအဖြစ် လူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေပြီး ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေး၊ ကရင်အမျိုးသားရေးကို အားပေးကူညီ ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ ၎င်းအနေဖြင့် မဲဆန္ဒနယ်မြေတွင် အနိုင်ရရှိရန် လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ NLD ပါတီကိုယ်စားလှယ် အပါအဝင် တိုင်းရင်းသားပါတီတစ်ခုနှင့် ပြည်မပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ခြင်းကြောင့် စောင့်ကြည့်သွားရမည့် ကိုယ်စားလှယ်လောင်းတစ်ဦးလည်း ဖြစ်သည်။

အမည် - စောဘဲထူး

အသက် - ၅၅ နှစ်

ပညာအရည်အချင်း - B.Sc (Physic)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)

ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီမှ ကိုယ်စားပြုပြီး ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စောဘဲထူးသည် ယခင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ကရင်ပြည်နယ်အတွင်း နေထိုင်သော ပြည်သူလူထုတို့သည် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနည်းတူ ပြည်သူလူထုတို့၏ အကျိုးစီးပွား၊ လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်စေရေး အလို့ငှါ ရည်ရွယ်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်မြေတွင် တိုင်းရင်းသားပါတီတစ်ခုဖြစ်သော မွန်ညီညွှတ်ရေးပါတီအပြင် ပြည်မပါတီသုံးခုမှ ကိုယ်စားလှယ်လောင်းများနှင့် အနိုင်ရရှိရန် ယှဉ်ပြိုင်သွားရဖွယ် ရှိသည်။

အမည် - ဒေါက်တာနော်ခရစ္စထွန်း(ခ) အားကာမိုး

အသက် - ၅၆ နှစ်

ပညာအရည်အချင်း - B.V.S

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၀)

ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁၀) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာအားကာမိုးသည် လက်ရှိတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် မဲဆန္ဒနယ် (၇) မှ ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူ ဖြစ်သည်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီတွင် ပါဝင်ခဲ့ပြီး ဒုတိယပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားပြု နိုင်ငံရေးကဏ္ဍတွင် ပါဝင်ဆွေးနွေးခဲ့သည်။ ၎င်းအနေဖြင့် ပြည်ထောင်စုလွှတ်တော် စိစစ်ရေးကော်မတီဝင်နှင့် ပြည်ထောင်စုလွှတ်တော် ဘတ်ဂျက်စိစစ်ရေး ပူးပေါင်းကော်မတီတွင်လည်း အဖွဲ့ဝင်ဖြစ်သည်။ လွှတ်တော်သက်တမ်းကာလအတွင်း အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်များတွင် အဆို၊ မေးခွန်း၊ ဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးမှုပေါင်း အကြိမ် ၇၀ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမည် - ဦးစောမြဝင်း

အသက် - ၆၂ နှစ်

ပညာအရည်အချင်း - B.A,B.Ed

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၄)

ပညာရေးဝန်ထမ်း အငြိမ်းစားတစ်ဦးဖြစ်သော ဦးစောမြဝင်းအနေဖြင့် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် ကရင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ ဝင်ရောက်အရွေးချယ်ခံခြင်းဖြစ်သည်။ ဦးစောမြဝင်း ယှဉ်ပြိုင်သော မဲဆန္ဒနယ်မြေတွင် ဒေသတွင်း တိုင်းရင်းသားပါတီများဖြစ်သော ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီပါတီတို့အပြင် လက်ရှိအာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်နှင့် ပြည်မပါတီတစ်ခုဖြစ်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုယ်စားလှယ်တို့က ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်မည့် မဲဆန္ဒနယ်အဖြစ် ဒေသခံနိုင်ငံရေးလေ့လာသူများက သတ်မှတ်ထားကြသည်။

အမည် - စောမြင့်ထွေး

အသက် - ၄၆ နှစ်

ပညာအရည်အချင်း - B.A (History)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၄)

ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) မှ ကိုယ်စားလှယ်လောင်း စောမြင့်ထွေးသည် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းအနေဖြင့် ပြည်သူတို့၏ အကျိုးစီးပွား ၊လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်စေရေးအတွက်ရည်ရွယ်၍ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး လက်ရှိတွင် မော်တော်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။ စောမြင့်ထွေးအနေဖြင့် ယင်းမဲဆန္ဒနယ်၌ ယှဉ်ပြိုင်ရာတွင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စောယှားဖောင်အွာ အပါအဝင် တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် မွန်ညီညွတ်ရေးပါတီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းကဲ့သို့ အပြိုင်အဆိုင်ဖြစ်နိုင်သည့် ကိုယ်စားလှယ်လောင်းများ၏ အခြေအနေများကြောင့် စောင့်ကြည့်ရမည့် မဲဆန္ဒနယ်အဖြစ် သုံးသပ်နိုင်သည်။

အမည် - စောကျော်လင်းစိုး

အသက်  - ၃၀ နှစ်

ပညာအရည်အချင်း - B.A (Cinematography)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် -  ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၅)

ကရင်ပြည်နယ်အတွင်းရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေများအနက် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) သည် ပြိုင်ဆိုင်သည့် ကိုယ်စားလှယ်လောင်းဦးရေ အနည်းဆုံးဟု ဆိုနိုင်သည်။ စောကျော်လင်းစိုးသည် ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ ်(၅) တွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သော ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီနှင့် အာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် အဓိက ယှဉ်ပြိုင်ရဖွယ်ရှိသည်။ 

အမည် - ဦးစိုင်းသန်းနိုင်

အသက် - ၅၈ နှစ်

ပညာအရည်အချင်း - B.A, B.Ed

လူမျိုး -  ရှမ်း

ကိုးကွယ်သည့်ဘာသာ -  ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅)

ဦးစိုင်းသန်းနိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၅) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည့်အတွက် လက်ရှိတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၅) သည် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရနယ်မြေဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ တိုင်းရင်းသားပါတီဖြစ်သည့် ကရင်အမျိုးသားပါတီ၊ အင်အားကြီးပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြသည့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်ဖြစ်သည်။

အမည် - စောမိုးမြင့် (ခ) ဆင်မြူရယ်

အသက် - ၇၃ နှစ်

ပညာအရည်အချင်း - BE (သတ္တုတွင်း) အင်ဂျင်နီယာ

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၆)

လက်ရှိ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော စောမိုးမြင့် (ခ) ဆင်မြူရယ်သည် လာမည့်ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီတွင် ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်ပြီး အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီတွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။ ထို့ပြင် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးဗဟိုကော်မတီတွင်လည်း ပညာရှင်/ အကြံပေးလည်း ဖြစ်သည်။

အမည် - နန်းလှယဉ်မေ

အသက် - ၆၃ နှစ်

ပညာအရည်အချင်း - B.A, B.Ed

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၆)

နန်းလှယဉ်မေသည် ၂၀၁၂ မှ ၂၀၁၅ အထိ မွန်ပြည်နယ်ပညာရေးမှူးရုံးတွက် လက်ထောက်ညွှန်ကြားရေးမှူး (စစ်ဆေးရေး)၊ ၂၀၁၅ မှ ၂၀၁၇ အထိ ကရင်ပြည်နယ် ပညာရေးမှူးရုံးတွင် ဒုတိယညွှန်ကြားရေးမှူး (ဘဏ္ဍာ) အဖြစ် ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးဌာနတွင် နှစ်ပေါင်း ၄၀ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့ပြင် ကရင်ပြည်နယ် အမျိုးသမီးရေးရာလုပ်ငန်းကော်မတီ၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးအဖွဲ့ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ ပညာရေးဝန်ထမ်း အငြိမ်းစားတစ်ဦးဖြစ်သည့်အပြင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ၏ စိတ်ဝင်စားမှုကို ခံရသူလည်းဖြစ်သည်။

အမည် - ဒေါ်တင်ဆွေဆွေလတ်

အသက် - ၄၂ နှစ်

ပညာအရည်အချင်း - B.Sc (Maths)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၇)

ဒေါ်တင်ဆွေဆွေလတ်သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ကိုယ်စားပြု၍ ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲန္ဒနယ် (၇) တွင် ဝင်ရောက်ယှဉ်မည်ဖြစ်သည်။ UNDP ပါတီသည် ၉၀ ရွေးကောက်ပွဲတွင် အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အများစုဖြင့် ဖွဲ့စည်းထားသည်။  ဒေါ်တင်ဆွေဆွေလတ်အနေဖြင့် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲန္ဒနယ် (၇) တွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် တစ်ပုဂ္ဂလကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

အမည် - စောသန်းထွဋ်

အသက် - ၆၂ နှစ်

ပညာအရည်အချင်း - BEcon (Eco) H.G.P (ပြစ်မှု)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၇)

စောသန်းထွဋ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၌ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့သူဖြစ်ပြီး လက်ရှိတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်ဖွဲ့စည်းစဉ်ကပင် မြို့နယ်အတွင်းရေးမှူးဖြစ်ပြီး ၂၀၁၂ ခုနှစ် ပြန်လည်ဖွဲ့စည်းချိန်တွင် မြို့နယ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးစောသန်းထွဋ်အနေဖြင့် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၇) ၌ တိုင်းရင်းသားပါတီဖြစ်သည့် KNDP ပါတီ၊ USDP ပါတီတို့နှင့် အဓိကယှဉ်ပြိုင်သွားရဖွယ်ရှိသည်။

အမည် - စောစံယဉ်

အသက် - ၆၅ နှစ်

ပညာအရည်အချင်း - B.A., B.Ed

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ  - ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၇)

စောစံယဉ်သည် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ ဘားအံမြို့နယ် ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး ဘားအံမြို့နယ်၊ ပေ့ါထော်ရွာ လမ်းစဉ်လူငယ် အတွင်းရေးမှူးတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့ကာ JMC-S (ကရင်) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အရပ်သားကိုယ်စားလှယ်အဖြစ်  ဆောင်ရွက်ခဲ့သည်။ ပညာရေးဝန်ထမ်းဘဝတွင် အလယ်တန်းပြ၊ အထက်တန်းပြ၊ အထက်တန်းကျောင်းအုပ်၊ မြို့နယ်ပညာရေးမှူး၊ တိုင်းပညာရေးမှူး၊ ကရင်ပြည်နယ် ပညာရေးမှူးအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

အမည် - ဦးမင်းဇော်သက်

အသက် - ၄၀ နှစ်

ပညာအရည်အချင်း - အ.ပ.တ (အောင်)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၆)

ဦးမင်းဇော်သက်သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ကိုယ်စားပြု၍ ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲန္ဒနယ် (၆) တွင် ဝင်ရောက်ယှဉ်မည်ဖြစ်သည်။ UNDP ပါတီသည် ၉၀ ရွေးကောက်ပွဲတွင် အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အများစုဖြင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်သည့်အတွက် လူအများစိတ်စားခြင်းကို ခံထားရသည်။ ဦးမင်းဇော်သက်အနေဖြင့် ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲန္ဒနယ် (၆) တွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် တစ်ပုဂ္ဂလ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

အမည်  - နန်းစောမြ

အသက်          - ၆၁ နှစ်

ပညာအရည်အချင်း -  B.Ed

လူမျိုး   -ကရင်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၈)

ပညာတတ်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သော နန်းစောမြသည် အသက်အရွယ်အားဖြင့် ၆၁ ရှိပြီဖြစ်ပြီး ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီကိုယ်စားပြု၍ ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၈) တွင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဆရာအတတ်ပညာရပ်များကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ/တက္ကသိုလ်နှင့် မော်လမြိုင် ဆရာအတတ်သင်သိပ္ပံတို့တွင် သင်ယူဆည်းပူးခဲ့ပြီး အထက်တန်း ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်ခဲ့ကာ သက်ပြည့်အငြိမ်းစားယူခဲ့သည်။ ထို့နောက် ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီသို့ ဝင်ရောက်၍ လှိုင်းဘွဲ့မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

 

 

အမည်  - စောစိန်ဝင်း

အသက်          - ၅၄ နှစ်

ပညာအရည်အချင်း       -  အထက်တန်း၊ စိုက်/မွေးပညာအထက်တန်းကျောင်း ဒုတိယနှစ်

လူမျိုး   - ကရင်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   -           ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီး ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် စောစိန်ဝင်းသည် အသက်အရွယ်အားဖြင့် ၅၄ နှစ်ရှိပြီဖြစ်သည်။၂၀၀၉ ခုနှစ်တွင် မြဝတီခရိုင် ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီ မြို့နယ်အလုပ်အမှုဆောင်၊ ပေါင်းစည်းလိုက်သော ကရင် ပါတီ (ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီ) ၏ ခရိုင်အလုပ်အမှုဆောင်၊ ခရိုင်စည်းရုံးရေးတာဝန်ကို ထမ်းဆောင် လျက်ရှိသူဖြစ်သည်။ မြန်မာနိုင်ငံ ရေးသင်တန်းကျောင်း အပတ်စဉ်(၁၃)၏ နိုင်ငံရေးကျောင်းဆင်းတစ်ဦးလည်းဖြစ် သည်။

 

 

အမည်  - စောမြင့်ဟန်

အသက်          - ၅၆ နှစ်

ပညာအရည်အချင်း - ၉ တန်းအောင်

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ   -  ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   -    ကရင်ပြည်နယ်  အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၉)

ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၉) တွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစောမြင့်ဟန်သည် လှိုင်းဘွဲ့မြို့နယ်၏ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သည်။ မဲဆန္ဒနယ်မြေ အတွင်း လက်ရှိအာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားလှယ် လောင်းများနှင့် ဒေသခံ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် စောမြင့်ဟန်တို့အကြား ယှဉ်ပြိုင်မှုက စိတ်အဝင်စားစရာကောင်းသည့် မဲဆန္ဒနယ်ဖြစ်သည်။

 

အမည်  - မန်းဝင်းခိုင်သန်း

အသက်          - ၆၈ နှစ်

ပညာအရည်အချင်း - B.A(Law), LLB

လူမျိုး   - ကရင်

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   -    ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)

ဦးမန်းဝင်းခိုင်သန်းသည် လက်ရှိ ဒုတိယအကြိမ် လွှတ်တော်၏ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။ ၂၀၁၃ ခုနှစ်က မြဝတီခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈) မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရ ခြင်းဖြစ်သည်။ လွှတ်တော် ကိုယ်စား လှယ်ဖြစ်ပြီးနောက်  ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်နာယက၊  ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပြီး ဥပဒေပြုရေး ကိစ္စရပ်များကို ဆောင်ရွက်ခဲ့သည်။ ၎င်းအနေနဖြင့် ၂၀၂၀ ရွေးကောက်ပွဲ တွင် PPP ပါတီ၊ KNDP ပါတီ၊ USDP ပါတီနှင့် UBP ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမည်  - ဦးထွန်းအောင်မြင့်(ခ)စောထွန်းအောင်မြင့်

အသက်          - ၇၈ နှစ်

ပညာအရည်အချင်း - BA(DSA);MNI(UK); Master Mariner(FG);Service Engg(B&W Alpha Deanmark GMDSS(SWEDEN);IRCOC(USA); ITC(USA)

လူမျိုး   - ကရင်

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ -         ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၀)

ကရင်ပြည်သူ့ပါတီအား ကိုယ်စားပြု၍ ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၀) မှ ဝင်ရောက် ယှဉ်ပြိုင်သူမှာ ဝတ်လုံတော်ရ စောဘမောင်(ဒေါကလုကရင် အမျိုးသားအသင်းကြီး၏ နောက်ဆုံးဥက္ကဋ္ဌ) ၏ မျိုးဆက်ဖြစ်သူ ဦးထွန်းအောင်မြင့်(ခ)စောထွန်းအောင်မြင့်ဖြစ်သည်။ ရန်ကုန်တိုင်းအစိုးရ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဌာန၏ ဝန်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။  ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် ဦးဆောင်ညွှန်ကြားရေးမှူးရာထူးနှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင်လည်း ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

 

အမည်  - စောကြည်ဝင်း

အသက်          - ၆၅ နှစ်

ပညာအရည်အချင်း - အထက်တန်း

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၂)

ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၂) တွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်သော စောကြည်ဝင်းသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ ထိုစဉ်က ၎င်းအနေဖြင့် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြု၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက် အရွေးခံခဲ့ခြင်း ဖြစ်ပြီး ရှုံးနိမ့်ခဲ့သည်။ ၎င်းအနေဖြင့် ယခုအကြိမ်ရွေးကောက်ပွဲတွင်  မဲဆန္ဒနယ်ပြောင်းလဲ ကစားလာခြင်းဖြစ်ပြီး ယှဉ်ပြိုင်ဘက်များသည်လည်း ပြည်မပါတီများဖြစ်နေခြင်းက လူအများစိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေခဲ့သည်။

 

 

အမည်  - ဦးကျော်ဝင်းအောင်

အသက်          - ၄၈ နှစ်

ပညာအရည်အချင်း - အင်ဂျင်နီယာ(သတ္တုဗေဒ)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ -  ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   -  ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)

ပြည်မပါတီတစ်ခုဖြစ်သော ပြည်သူ့ရှေ့ဆောင်ပါတီကို ကိုယ်စားပြု၍ ကရင်ပြည်နယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်ဝင်းအောင်သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မြန်မာရွေ့ ပြောင်းစာသင်ကျောင်းများတွင် အထက်တန်းပြဆရာအဖြစ်လည်းကောင်း၊ စကောလားရှစ် ပရိုဂရမ်များတွင် စေတနာ့ ဝန်ထမ်းဆရာအဖြစ်လည်းကောင်း လုပ်ဆောင်ခဲ့သူဖြစ်သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော် မတ(မဲဆောက်အခြေစိုက်)တွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ အထိ တွဲဖက်အတွင်းရေးမှူးတာဝန်နှင့် အထွေထွေအတွင်းရေး မှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။

 

အမည်  - နော်လားရှီး

အသက်          - ၃၈ နှစ်

ပညာအရည်အချင်း - ပြည်သူ့ရေးရာစီမံခန့်ခွဲမှု (ဘွဲ့လွန်၊သင်ယူဆဲ)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ   -  ခရစ်ယာန်

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကရင်ပြည်နယ်          အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၂)

အသက်အရွယ်အားဖြင့် ၃၈ နှစ်သာရှိသေးသည့် ကရင်တိုင်းရင်းသူတစ်ဦးဖြစ်သူ နော်လားရှီးသည် လာမည့် ၂၀၂၀ ရွွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြု၍ ကရင်ပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၂)တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ၏ စီမံကိန်းမန်နေဂျာတစ်ဦးဖြစ်ပြီး မလေးရှားနိုင်ငံ လင်ကွန်းတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့နှင့် စိတ်ပညာမဟာ ဘွဲ့ရရှိထားသူဖြစ်သည်။ ၎င်းအနေဖြင့် ခေါင်းဆောင်တစ်ဦးအပေါ်သစ္စာရှိခြင်းထက် ပြည်သူအပေါ်သစ္စာခံချင်းသည်သာလျှင် လူထုကို အမှန်တကယ်ကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်ဖြစ်သည်ဟု ပြောကြားထားသည်။

 

အမည်  - ဦးစောမြတ်လေး

အသက်          - ၆၁ နှစ်

ပညာအရည်အချင်း - B.Sc(Zoology)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတ - ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးစောမြတ်လေးသည် အလယ်တန်းပြ အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်ပြီး ၎င်းအနေဖြင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတွင်  ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒေသအတွင်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ စောမြတ်လေးသည် အသက် ၆၁ နှစ်ရှိပြီး ကျောင်းဆရာအဖြစ် နှစ် ၂၀ ကျော် တာဝန်ထမ်း ဆောင်ခဲ့ခြင်း၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့ဖူးခြင်းကြောင့် လူသိများသူတစ်ဦးလည်း ဖြစ်သည်။

 

အမည်  -         ဦးမင်းဗလိုင်မွန်

အသက်          -         ၄၆ နှစ်

ပညာအရည်အချင်း       - Third Year (Myan)

လူမျိုး   - မွန်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးမင်းဗလိုင်မွန်သည် ကရင်ပြည်နယ်တွင် ယှဉ်ပြိုင်ရမည့် မွန်ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းတစ် ဦးဖြစ်သည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိ ခဲ့သည့် နယ်မြေလည်း ဖြစ်သည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ အနိုင်ရ NLD ပါတီက ကိုယ်စားလှယ်လောင်း အပြောင်း အလဲလုပ်၍ ယှဉ်ပြိုင်လာသည့်အပြင် ဒေသခံ ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်မှုကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ကြောင်း သုံးသပ်ရသည်။

 

အမည်  - ဦးသူရိန်ဇော်

အသက်          - ၆၂ နှစ်

ပညာအရည်အချင်း- စီးပွားရေးပညာဘွဲ့ (ဘောဂဗေဒ)၊မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးသူရိန်ဇော်သည်  ဗိုလ်မှူးကြီး(ငြိမ်း)ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရကာ  အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း  ဖြစ်သည်။၂၀၁၅  ရွေးကောက်ပွဲတွင်မူ ရှုံးနိမ့်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်မူ  ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင်  ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ယှဉ်ပြိုင်လာခြင်းဖြစ်ပြီး အာဏာရ NLD ပါတီအပြင် ဒေသ အတွင်းပါတီများဖြစ်သည့်ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊  ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမည်  - ဦးသန်းနိုင်(ခ)စောသန်းနိုင်

အသက်          - ၅၂ နှစ်

ပညာအရည်အချင်း       - ဒသမတန်း

လူမျိုး   - ဗမာ-ကရင်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - က့ရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးသန်းနိုင်(ခ)စောသန်းနိုင်သည် ၁၀ တန်းအထိသာ ကျောင်းနေခဲ့ရပြီး ၁၉၈၈ အရေးအခင်းအကြောင့် KNU ထဲရောက်ရှိခဲ့သူလည်း ဖြစ်သည်။  KNU ထဲတွင် စစ်ရေး၊ နိုင်ငံရေး၊ ကျန်းမာရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ဒေသတွင်း တိုင်းရင်းသားပြိုင်ဖက်ပါတီဖြစ်သည့် မွန်ညီညွတ်ရေးပါတီနှင့်အတူ NLD ပြည်ခိုင်ဖြိုးစသည့် ပြည်မ ပါတီကြီးများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၎င်းအနေဖြင့် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ တန်းတူ အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ၊ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး တိုးတက်မြင့်မားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဟု ကြွေးကြော်ထားသူလည်းဖြစ်သည်။

 

အမည်  - နိုင်ရွှန်တိန်း(ခ)နိုင်ဆိတ်နို့

အသက်          - ၅၇  နှစ်

ပညာအရည်အချင်း - B.Sc(Maths)Q

လူမျိုး   - မွန်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးသူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

နိုင်ရွှန်တိန်း(ခ)နိုင်ဆိတ်နို့သည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မွန်ညီ ညွတ်ရေးပါတီကိုယ်စားပြု၍ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်သည် NLD ပါတီက အနိုင်ရခဲ့သည့်နယ်မြေဖြစ်ပြီး၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အနိုင်ရ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်းသာ ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် နိုင်ရွှန်တိန်း(ခ)နိုင်ဆိတ်နို့အနေဖြင့် ၎င်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သကဲ့သို့ ဒေသခံ  KNDP ပါတီ၊ ပြည်ခိုင်ဖြိုး ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့်လည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမည်  - စောခင်မောင်အေး

အသက်          - ၃၆ နှစ်

ပညာအရည်အချင်း       - Dip-Ed(U.D.N.R)

လူမျိုး   - ကရင်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ    - ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ဖာပွန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

စောခင်မောင်အေးသည် အသက်အရွယ်အားဖြင့်  ၃၆ နှစ်သာရှိသေးပြီး ဖာပွန်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။  ၎င်းယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်တွင် အာဏာရ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့နှင့် ယှဉ်ပြိင်ရမည်ဖြစ်သော်လည်း ဒေသတွင်းပါတီ၏ ကိုယ်စား လှယ်လောင်းဖြစ်သောကြောင့် အားသာချက်ရှိနိုင်သည်။ ထို့ပြင် စောခင်မောင်အေးအနေဖြင့် ပညာတတ် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး ဒေသတွင်း ဌာနေတိုင်ရင်းသားတစ်ဦး ဖြစ်သည့်အပြင် ကရင်အမျိုးသားဒီမိုကရက််တစ်ပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်သောကြောင့် ပြည်မပါတီများဖြစ်သည့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့နှင့် ယှဉ်ပါက ဒေသတွင်းထောက်ခံသူများ၏ မဲရရှိနိုင်သည်ဟု ယူဆရသည်။

 

အမည်  - ဦးဖြိုးညီညီကျော်

အသက်          - ၂၇ နှစ်

ပညာအရည်အချင်း - B.Sc (Maths)

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ဖာပွန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးဖြိုးညီညီကျော်သည် ဖာပွန်မြို့နယ််တွင် NLD ပါတီကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဖာပွန်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီက မဲအရေအတွက် တစ်ထောင်ကျော်အသာဖြင့် အနိုင်ရရှိထားသည့် မဲဆန္ဒနယ်လည်း ဖြစ်သည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ဖာပွန်ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်တွင် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းအပြောင်း အလဲပြုလုပ်ခဲ့သလို NLD ပါတီကလည်း ဦးဖြိုးညီညီကျော်ဖြင့် အပြောင်းအလဲပြုလုပ်ခဲ့သည်။ ယင်းမဲဆန္ဒနယ်တွင် NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီအပြင် ဒေသခံ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ရှိသဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်ဟု ယူဆရသည်။

 

အမည်  - စောမင်းဇော်ဦး

အသက်          -  ၅၄ နှစ်

ပညာအရည်အချင်း - B.Agri.Sc(Q) စီးပွားရေးပညာဘွဲ့

လူမျိုး   - ကရင်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ          - ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ဘားအံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်   

စောမင်းဇော်ဦးသည် ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကို ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ ကိုယ်စေားလှယ်လောင်းအဖြစ်ဝင်ရောက်သူဖြစ်သည်။ ၎င်းသည်  မူလတန်း၊ အလယ်တန်း ကျောင်းဆရာတစ်ဦးဖြစ်ခြင်း ကြောင့် ဒေသအတွင်း ပြည်သူများ၏ ထောက်ခံမှုရနိုင်သည်။ ထို့ပြင် ၎င်းသည် လက်ရှိအာဏာရ  NLD ပါတီနှင့် အဓိကယှဉ်ပြိုင်ရမည်ဟု ဆိုနိုင်သော်လည်း ၎င်းမဲဆန္ဒနယ်အတွင်း ပြည်မ ပါတီအသစ်များနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော ကြောင့် အားသာချက်ရှိနေသည်ဟု သုံးသပ်ရသည်။ ထို့ပြင် စောမင်းဇော်ဦးသည်  ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက် ပြန့်ပွားရေးအသင်းနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

 

အမည်  - ဒေါ်နေရီသန့်

အသက်  - ၄၅ နှစ်

ပညာအရည်အချင်း - B.A(Geography)

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်-  ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်    

ဒေါ်နေရီသန့် ဘားအံမဲဆန္ဒနယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပြည်မမှ ပါတီအသစ်တစ်ခုဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒေသအတွင်း ပါတီများနှင့်အပြိုင် ဝင်ရောက်အရွေးခံ သူဖြစ်သဖြင့် စိတ်ဝင်စားခြင်း ခံရသူလည်း ဖြစ်သည်။၎င်းင်းအနေဖြင့် ပြည်မများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီတို့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အသက်အရွယ်အားဖြင့် လူလတ်ပိုင်း ဖြစ်သည့်အပြင် မျက်နှာသစ်ပါတီတစ်ခု၏ ကိုယ်စားလှယ်လောင်းဖြစ်သောကြောင့် ထောက်ခံမဲ ရရှိနိုင်ရန် အခက်အခဲ ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

 

အမည်    - ဦးသက်နိုင်

အသက်   - ၆၁ နှစ်

ပညာအရည်အချင်း - ဒုတိယနှစ်(သမိုင်း) H.G.P

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ          - ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ဘားအံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်   

ဦးသက်နိုင်သည် ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာကို ပါတီအသစ်ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ (UNDP) ပါတီက ဝင်ရောက်ယှဉ်ပြိုင်သူဖြစ်သဖြင့် ဒေသအတွင်း ပါတီများနှင့် အားပြိုင်မှုဖြစ်စေနိုင်သည်။ UNDP ပါတီအနေဖြင့် တိုင်းရင်းသားများပါဝင်ဖွဲ့စည်းထားသည့်အပြင် ဖက်ဒရက် ပြည်ထောင်စုကို စုပေါင်းတည်ထောင်မည်ဟု မူဝါဒချမှတ်ထားသဖြင့် ယင်းပါတီ၏ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးသက်နိုင်မှာ မဲကွဲနိုင်သူအဖြစ် မှတ်ယူရမည်။ သို့သော်လည်း ဒေသတွင်း KNDP ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီ၊ PPP ပါတီ၊ UBP ပါတီတို့နှင့် ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် လွယ်ကူမည်တော့ မဟုတ်ပေ။

 

အမည်   - ဦးခင်ချို

အသက်          - ၆၂ နှစ်

ပညာအရည်အချင်း - B.Com

လူမျိုး   - ကချင်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ          - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   -   လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ််တော်မဲဆန္ဒနယ်

ဦးခင်ချိုသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်  NLD ပါတီမှ ရွေးချယ်ခံရသူဖြစ်သည်။၎င်းသည် ခရိုင်စာရင်းစစ် အရာရှိတစ်ဦးဖြစ်သည့်အပြင် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်များတွင် ဘဏ္ဍာရေးဆိုင်ရာကိစ္စများ၊ စီမံကိန်းများစသည်တို့ကို အစိုးရအားထောက်ပြ ဆွေးနွေးလေ့ရှိသဖြင့် ထင်ရှားသူတစ်ဦးဟု ဆိုနိုင်သည်။ ဦးခင်ချိုသည် ယခုရွေးကောက်ပွဲတွင်လည်း NLD ပါတီမှ ဝင်ရောက်ရွေးချယ်ခံသော်လည်း ဒေသအတွင်း ကရင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်မဖြစ်သော ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမည်  - စောရဲဝင်းနိုင်

အသက်          - ၅၀  နှစ်

ပညာအရည်အချင်း - LLB (ဥပဒေဘွဲ့)

လူမျိုး   - ကရင်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ််တော်မဲဆန္ဒနယ်

စောရဲဝင်းနိုင်သည် ဥပဒေဘွဲ့ရရှိသူဖြစ်ပြီး ကရင်တိုင်းရင်းသား လူမျိုးဖြစ်ကာ ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီကိုယ်စားပြု၍ လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ပြင် စောရဲ ဝင်းနိုင်သည်တက္ကသိုလ်ကျောင်းသားဘဝ ၁၉၉၃ နှစ်တွင် တက္ကသိုလ်များ (ရန်ကုန်) ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗုဒ္ဓဘာသာ) ဥက္ကဌနှင့် ၁၉၉၄ ပညာသင်နှစ်တွင် တက္ကသိုလ်များ (ရန်ကုန်) ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။ ထို့ပြင် (၂၀၁၃-၂၀၁၈) ခုနှစ် ကရင်ဒီမိုကရက်တစ်ပါတီ (KDP) ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

 

အမည်  -  ဦးအောင်ကောင်းခန့်

အသက်          - ၂၇ နှစ်

ပညာအရည်အချင်း - ပထဝီဘွဲ့

လူမျိုး   - ဗမာ+ပအိုင့်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးအောင်ကောင်းခန့်သည် ပြည်မပါတီအသစ်တစ်ခု၏ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ၎င်းအနေဖြင့် ဒေသအတွင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအပြင် လက်ရှိအာဏာပါတီ၏ NLD ပါတီနှင့်  ပြည်ခိုင်ဖြိုးတို့ကို အဓိကယှဉ်ပြိုင်နိုင်ရန် မိခင်ပါတီက ရွေးချယ်ထားသည်ဟု သုံးသပ်သည်။ ဦးအောင်ကောင်းခန့် သည် ပညာတက်ဘွဲ့ရ လူငယ်တစ်ဦးဖြစ်သည့်အပြင် ၎င်းယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် အင်အားကြီးပါတီများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် စိတ်ဝင်စားမှုခံရသူလည်းဖြစ်သည်။ ၎င်းအနေဖြင့် အဓိကယှဉ်ပြိုင်ရမည့် ဒေသခံ KNDP ပါတီ၊ NLD ပါတီနှင့် ပြည်ခိုင်ဖြိုးတို့ကို ယှဉ်ပြိုင်နိုင်ရန်အတွက် လူထုထောက်ခံမဲရရှိရန် လိုအပ်မည်ဖြစ်သည်။

 

 

အမည်  - ဦးစောတော်ပလဲ

အသက်          - ၆၈ နှစ်

ပညာအရည်အချင်း - B.A(Myanmar)

လူမျိုး   - ကရင်

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - သံတောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးစောတော်ပလဲသည် ဒေသအတွင်း ပါတီဖြစ်သည့် ကရင်ပြည်သူ့ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် သံတောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းဒေသခံတိုင်းရင်း သားများအကြား ရေပန်းစားသူဟု ဆိုနိုင်သည်။ ၎င်းယှဉ်ပြိုင်သည့်မဲဆန္ဒနယ်တွင် လက်ရှိအာဏာရ NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ကို အဓိကထား၍ ယှဉ်ပြိင်ရမည်ဖြစ်သည်။ သို့သော်လည်း ဒေသအတွင်း ပါတီဖြစ်သောကြောင့် ယင်းမဲဆန္ဒနယ်အတွင်း ကရင်တိုင်းရင်းသားများ၏ ထောက်ခံမှုကို ရရှိပါက အနိုင်ရရှိနိုင်သည့် အလားအလာရှိသည်။

 

အမည်  - ဦးအောင်ကျော်မင်း

အသက်          - ၄၉ နှစ်

ပညာအရည်အချင်း - B.Sc(Maths)

လူမျိုး   - ကရင်

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်    

ဦးအောင်ကျော်မင်းသည် ဒေသအတွင်း ပါတီ ကရင်အမျိုးသားကရက်တစ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် မြဝတီမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းအနေဖြင့် ယင်း မဲဆန္ဒနယ်တွင် အင်အားကြီးပါတီများဖြစ်သည့် NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့နှင့် အဓိကထား ယှဉ်ပြိုင်ရမည်ဖြစ်သည်။သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌  NLD ပါတီက အနိုင်ရရှိထားသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်း သားပါတီများ အားကောင်းမှုကြောင့် ယင်းမဲဆန္ဒနယ်တွင် ၂၀၁၅ ကဲ့သို့  NLD ပါတီအနေဖြင့် အနိုင်ရရန် မလွယ်ကူနိုင် ပေ။

 

အမည်  - ဦးအောင်နိုင်ဦး

အသက်          - ၅၃ နှစ်

ပညာအရည်အချင်း - ဥပဒေဘွဲ့ (LLB)

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ -  ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးအောင်နိုင်ဦးသည် ရှေ့နေတစ်ဦးဖြစ်ပြီး မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်  ပြည်မပါတီအသစ် တစ်ခုဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကြောင့် စိတ်ဝင်စားခံရ သည်ဟု ဆိုနိုင်သည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်တွင်  ဒေသတွင်းတိုင်းရင်းသားပါတီဖြစ်သည့် ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီအပြင် အင်အားကြီးပါတီများဖြစ်သည့်  NLD ပါတီနှင့်  ပြည်ခိုင်ပါတီတို့ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။ဦးအောင် နိုင်ဦးအနေဖြင့် ၎င်းယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် ဒေသတွင်း တိုင်းရင်းသားပါတီနှင့် အင်အားကြီးပါတီများနှင့် ယှဉ်ပြိုင်ရသည့်အတွက် ဒေသခံလူထု၏ ထောက်ခံမဲရရန် အတော်ရုန်းကန်ရမည့် အနေအထားဖြစ်သည်။ 

Most Read

Most Recent