ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၁ (ဒုတိယနေ့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၁ (ဒုတိယနေ့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 21 October 2020

ဆာလ်ဇ်ဘာ့ဂ် - လိုကိုမိုးတစ်မော်စကို (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၁ ရက်၊ ည ၁၁:၂၅ နာရီ)

ဆာလ်ဇ်ဘာ့ဂ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ရတာ စိတ်ဝင်စားစရာပါ။ မထင်မရှားကြယ်ပွင့်တွေကို ထိပ်တန်းအဆင့်အထိရောက်အောင် ပို့ပေးနိုင်လေ့ရှိတဲ့အသင်းဖြစ်ပြီး စုစည်းမှုအရမ်းကောင်းတယ်။ ဒီအသင်းရဲ့တိုက်စစ်နည်းလမ်းတွေက စိတ်ဝင်စားစရာအဆင့်ဖြစ်ပြီး လိုက်ပ်ဇစ်လိုအဆင့်လောက်ရှိတယ်လို့တောင် ပြောနိုင်တယ်။ လိုကိုမိုးတစ်မော်စကိုကို အနိုင်ယူနိုင်မယ်လို့ ယူဆပါတယ်။ 

ရီးယဲလ်မက်ဒရစ် - ရှက်တာဒိုးနက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၁ ရက်၊ ည ၁၁:၂၅ နာရီ)

ရီးယဲလ်မက်ဒရစ်က အရမ်းယုံကြည်လို့ရတဲ့အသင်းမျိုး မဟုတ်ဘူး။ အရင်လို လာလီဂါမှာ ခြေမငြိမ်ရင်တောင် ချန်ပီယံလိဂ်မှာ ပေါက်ကွဲပြလေ့ရှိတဲ့အသင်းမျိုးလည်း မဟုတ်ဘူး။ အရှိန်အဝါကြီးသလောက် ကစားသမားတွေက အကျပိုင်းရောက်တဲ့သူတွေနဲ့ အကောင်းဆုံးအချိန်မရောက်သေးတဲ့ လူငယ်တွေ တွဲစပ်ထားမှုမှာ ဆိုးရွားတဲ့အချိန်ထဲ ရောက်နေတယ်။ ဒါပေမဲ့ ထိပ်တန်းအဆင့်မှာတော့ ရှိနေဆဲဖြစ်ပြီး ရှက်တာဒိုးနက်လို အဆင့်လောက်ကိုတော့ အနိုင်ယူဖို့ မခက်ပါဘူး။ ရှက်တာဒိုးနက်ရဲ့တိုက်စစ်က မဆိုးပေမယ့် ခံစစ်ပြဿနာရှိတယ်။ ရီးယဲလ် နိုင်လိမ့်မယ်။ (၂-၁၊ ၃-၁)လောက်ဖြစ်မယ်။ 

ဘိုင်ယန်မြူးနစ် - အက်သလက်တီကို (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက်၊ ည ၁:၃၀ နာရီ)

မနှစ်က ဘာစီလိုနာနဲ့အတူ ဘိုင်ယန်မြူးနစ်ကို (၂-၈)ဂိုးနဲ့ ရှုံးခဲ့တဲ့ ဆွာရက်ဇ်အတွက်တော့ ခြားနားတဲ့ကစားပုံရှိတဲ့အသင်းနဲ့အတူ ကစားပြီး ဘိုင်ယန်မြူးနစ်ကို နောက်တစ်ကြိမ်ရင်ဆိုင်ရမှာဖြစ်တယ်။ ဘိုင်ယန်မြူးနစ်က ဒီရာသီမှာလည်း ပုံစံကောင်းပြနေဆဲ၊ ဂိုးတွေသွင်းနေဆဲဖြစ်ပြီး သွင်းဂိုးတွေအတွက် လွယ်ကူလွန်းတဲ့ Play ကို ပိုင်ဆိုင်ထားတယ်။ အက်သလက်တီကိုက မာကျောတဲ့အသင်းဖြစ်ပြီး၊ တိုက်စစ်ကောင်းပါတယ်ဆိုတဲ့အသင်းတွေကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့၊ ဒုက္ခပေးလေ့ရှိတဲ့အသင်းလည်းဖြစ်တယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ပွဲကို စိုးမိုးထားပြီး အခွင့်အရေးကောင်းတချို့ကို ဖန်တီးတာမျိုးပဲ မြင်ရမယ်ဆိုပေမယ့် အရင်ပွဲတွေလို တစ်ပွဲပျမ်းမျှ (၂၅၊ ၃၀)ကြိမ်လောက် အခွင့်အရေးရတာမျိုးမဖြစ်နိုင်တော့ဘူး။ ဖန်တီးနိုင် စွမ်းနည်းသွားတဲ့အချိန်မှာ လီဝန်ဒေါစကီး၊ နာဘရီတို့ တိုက်စစ်က ဘယ်လောက် Clinical ဖြစ်သလဲဆိုတာကို ကြည့်ရမယ်။ အက်သလက်တီကိုရဲ့တန်ပြန်တိုက်စစ်ကိုလည်း ကြည့်ရမယ်။ ဒါပေမဲ့ (၂-၁)လောက်နဲ့ ဘိုင်ယန် နိုင်ဖို့များတယ်။ 

အင်တာမီလန် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက်၊ ည ၁:၃၀ နာရီ)

လာဇီယိုကို သရေ၊ အေစီမီလန်ကို ရှုံးခဲ့တဲ့ အင်တာမီလန်ရဲ့ ခြေစွမ်းကအကျဘက်ကို ရောက်နေတယ်။ ဒါပေမဲ့ ကစားပုံကတော့ မာကျောပြီး ကောင်းမွန်နေတုန်းပါ။ အကျပိုင်းရောက်နေတဲ့ ကိုလာရော့ဗ်ကို ခေါ်ပြီး နေရာပေးတာ၊ ကွင်းလယ်မှာ ဗီဒယ်လ်ကို ခေါ်ပြီး နေရာပေးနေတာတွေက ကွန်တီအဖို့ အသင်းရဲ့တိုးတက်နှုန်းကို တန့်လိုက်သလိုဖြစ်သွားတယ်။ မိုချန်ဂလာဘတ်ကတော့ ဒီရာသီမှာ မနှစ်ကလို ခြေစွမ်းမျိုး ပြဖို့ခက်နေတာတွေ့ရပြီး စုဖွဲ့မှုအားပြုတဲ့အသင်းတစ်သင်းအနေနဲ့ စုဖွဲ့မှု အပိုင်းပြဿနာတက်နေတာလည်း ဆိုးပါတယ်။ အင်တာမီလန် နိုင်ဖို့ရှိပေမယ့် ဂိုးပြတ်ဖို့တော့ခက်လိမ့်မယ်။ 

မန်စီးတီး - ပေါ်တို (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက်၊ ည ၁:၃၀ နာရီ)

မန်စီးတီးက ဒီရာသီမှာ သူတို့ရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ရုန်းကန်နေရတယ်။ ခံစစ်က ဂိုးတွေပေးနေရသလို၊ တိုက်စစ်ပိုင်းရဲ့ ဂိုးသွင်းအားလည်း သိသိသာသာ ကျဆင်းနေပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ပွဲတုန်းက Clean Sheet စယူနိုင်ခဲ့ပြီး ပေါ်တူဂီမှာ ဩဇာကြီးတဲ့ ခံစစ်ကစားသမားတစ်ဦးဖြစ်တဲ့ ရူဘင်ဒီယက်စ်ကလည်း ပေါ်တိုတိုက်စစ်ကို ကောင်းကောင်းနားလည်ပြီးသားပါ။ ဂိုးပြတ်ဖို့၊ မပြတ်ဖို့ဆိုတာထက် မန်စီးတီး နိုင်ဖို့ကတော့ မခက်ပါဘူး။ 

အိုလံပီယာကော့စ် - မာဆေးလ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက်၊ ည ၁:၃၀ နာရီ)

မာဆေးလ်က ပိုကောင်းတဲ့အသင်း၊ လူအင်အားပိုတောင့်တဲ့အသင်းဖြစ်ပြီး အိုလံပီယာကော့စ်ကတော့ ဒီဘက်နှစ်တွေမှာ မာဆေးလ်ထက် ချန်ပီယံလိဂ်အတွေ့အကြုံပိုများတယ်။ ဒါပေမဲ့ ဒီလိုအဆင့်အသင်းတွေအချင်းချင်းတွေ့တဲ့အခါ အတွေ့အကြုံဆိုတာက အရမ်းကြီးမားတဲ့အားသာချက်မဟုတ်သလို၊ တစ်ချိန်က အင်အားကြီးဖြစ်သလို၊ ကစားသမားကောင်းတွေလည်းရှိနေတဲ့ မာဆေးလ်အတွက် အိုလံပီယာကော့စ်ဆီက တစ်မှတ်ခွဲယူဖို့ လုံလောက်တဲ့အခြေအနေရှိပါတယ်။ 

အေဂျက်စ်     - လီဗာပူးလ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက်၊ ည ၁:၃၀ နာရီ)

မနှစ်က အေဂျက်စ်ကျသွားတာကို ကြည့်ရင် ဒီအသင်းဟာ နောက်ထပ် မွေးထုတ်ဖို့လိုနေတဲ့ မျိုးဆက်တစ်ခုကို စောင့်နေတာ သိသာပါတယ်။ သူတို့ရဲ့နောက်ဆုံးမျိုးဆက်က အဆီအနှစ်တွေကို ဥရောပထိပ်တန်းအသင်းကြီးတွေက ခေါ်ဆောင်သွားပြီး၊ အေဂျက်စ်ဟာ ဥရောပအဆင့်မှာ တစ်တန်းပြန်နိမ့်သွားပြန်ပါပြီ။ လီဗာပူးလ်က ပရီးမီးယားလိဂ်မှာ နောက်ဆုံးနှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး၊ ဂိုးတွေလည်း ပေးနေရတယ်။ ဒါပေမဲ့ ဒီပွဲကိုတော့ အနိုင်ကစားပါလိမ့်မယ်။ 

မစ်ဂျီလန်း - အတ္တလန်တာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက်၊ ည ၁:၃၀ နာရီ)

အတ္တလန်တာရဲ့မနှစ်က ချန်ပီယံလိဂ်ခရီးက ကျေနပ်စရာအပြည့်ဖြစ်ခဲ့ပြီး အဝေးကြီးအထိ ရွက်လွှင့်နိုင်ခဲ့တယ်။ အမြင့်ကြီးကို ပျံသန်းနိုင်ခဲ့တယ်။ ဒီအသင်းရဲ့ အခြေအနေအရပ်ရပ်က ကျေနပ်စရာဖြစ်နေတယ်။ နောက်ဆုံးပွဲမှာ နာပိုလီကို ဂိုးပြတ်ရှုံးခဲ့ခြင်းက အတ္တလန်တာရဲ့လိမ့်နေတဲ့အရှိန်ကို ရပ်တန့်စေမှာ မဟုတ်ပါဘူး။ အိမ်ကွင်း၊ အဝေးကွင်း ရှောင်လေ့မရှိတဲ့ အသင်းဆိုတာကိုလည်း အကြိမ်ကြိမ်သက်သေပြခဲ့ပြီးသားပါ။ မစ်ဂျီလန်းဆီက (၃)မှတ်ယူဖို့ သေချာပါတယ်။ 

Most Read

Most Recent