လာမည့်ရာသီတွင် MNL ကလပ်များ၏ ဘဏ္ဍာရေးအခြေအနေ ပိုမိုခက်ခဲလာနိုင်ပြီး လိဂ်ပြိုင်ပွဲများ မဖြစ်မနေဆက်ရှိရန် ကြိုးစားမည်ဟု MNL CEO ပြောကြား

လာမည့်ရာသီတွင် MNL ကလပ်များ၏ ဘဏ္ဍာရေးအခြေအနေ ပိုမိုခက်ခဲလာနိုင်ပြီး လိဂ်ပြိုင်ပွဲများ မဖြစ်မနေဆက်ရှိရန် ကြိုးစားမည်ဟု MNL CEO ပြောကြား
Photos : MNL Facebook
Photos : MNL Facebook
Published 20 October 2020

လာမည့်ရာသီတွင် MNL ကလပ်များ၏ ဘဏ္ဍာရေးအခြေအနေမှာ ပိုမိုခက်ခဲလာမည့် အခြေအနေတွင်ရှိနေကြောင်းနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအား မဖြစ်မနေဆက်ရှိနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် (MNL) အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က Eleven Sports သို့ ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၀ ဘောလုံးရာသီတွင် အသင်းသုံးသင်းဖျက်သိမ်းခဲ့ပြီး နှစ်သင်းမှာ ပြိုင်ပွဲမပြီးဆုံးခင်မှာပင် နုတ်ထွက်သွားခြင်းဖြစ်သည်။

''ဒီပုံစံအတိုင်းဆိုရင် အသင်းတိုင်းကတော့ အနည်းနဲ့အများ အခက်အခဲရှိလာမယ်။ အထူးသဖြင့် ဘဏ္ဍာရေးအပိုင်းမှာပေါ့။ အခက်အခဲတွေရှိလာမယ်ဆိုတာ သေချာပါတယ်။ MNL (မြန်မာနေရှင်နယ်လိဂ်) ပြိုင်ပွဲတွေအနေနဲ့ကတော့ မဖြစ်မနေဆက်သွားဖို့အတွက် ကြိုးစားရမှာပါ''ဟု မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

၂၀၂၀ ဘောလုံးရာသီတွင် ဖျက်သိမ်းခဲ့သည့် အသင်းသုံးသင်းမှာ ချင်းယူနိုက်တက်၊ ဇွဲကပင်နှင့် မကွေးအသင်းတို့ဖြစ်သည်။

ချင်းယူနိုက်တက်နှင့် ဇွဲကပင်အသင်းတို့မှာ ဘဏ္ဍာရေးအခြေအနေကြောင့် ရာသီမကုန်ခင်မှာပင် အသင်းပြန်လည်အပ်နှံ၍ ပြိုင်ပွဲမှနုတ်ထွက်သွားခြင်းဖြစ်သည်။

ထို့ပြင် ဘောလုံးရာသီပြီးဆုံးချိန်တွင် MNL ပြိုင်ပွဲစတင်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မကွေးအသင်းမှာလည်း ဘဏ္ဍာရေးအခြေအနေကြောင့် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လုပ်ငန်းအချို့ ရပ်ဆိုင်းထားရသဖြင့် အသင်းတည်ထောင်ထားသည့် ပိုင်ရှင်များအပေါ်တွင်လည်း သက်ရောက်မှုရှိနေသည်။

နေရှင်နယ်လိဂ် ကလပ်အသင်းများအနေဖြင့် ပြင်ပဝင်ငွေမရှိဘဲ အသင်းပိုင်ရှင်များ၏ အဓိကထောက်ပံ့ပေးမှုဖြင့်သာ ရပ်တည်နေရခြင်းဖြစ်သောကြောင့် လက်ရှိကြုံတွေ့နေသည့် စီးပွားရေးအခြေအနေများမှာ အသင်းများ၏ ဘဏ္ဍာ ရေးအခြေအနေအပေါ် သက်ရောက်မှုများရှိနေခြင်းဖြစ်သည်။

MNL ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်မှစတင်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ဘောလုံးရာသီအထိ ဖျက်သိမ်းခဲ့သော အသင်းအရေအတွက်မှာ ကိုးသင်းအထိရှိလာ ပြီဖြစ်သည်။

 

Most Read

Most Recent