ဥရောပဘောလုံးသတင်းတိုများ

ဥရောပဘောလုံးသတင်းတိုများ
Photo: Getty Images
Photo: Getty Images
Published 20 October 2020

စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အီတလီထိပ်သီးကလပ်အင်တာမီလန်အသင်းတို့သည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်း၏ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ကွန်တေ အားခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရသည်။

မန်ယူအသင်း၏ ဂိုးသမားဟောင်း ဗန်ဒါးဆားက အဲဗာတန်အသင်းနှင့် လီဗာပူးလ်အသင်းတို့ပွဲတွင် VAR ဆုံးဖြတ်ချက်များကြောင့် နစ်နာခဲ့သည့် လီဗာပူးလ်အသင်းအပေါ် စာနာမိကြောင်း၊ VAR စနစ်သည် အလွန်ကြီးမားသည့် အမှားများကိုသာ ပြင်ဆင်သင့်ပြီး မာနေ၏ လူကျွံဘောကဲ့သို့ ဖြစ်ရပ်များတွင် ဝင်မပါသင့်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

အေစီမီလန်အသင်း၏ နည်းပြဖြစ်သူ ပီအိုလီက ယခုရာသီစီးရီးအေပြိုင်ပွဲသည် အသင်းတိုင်းအတွက် ပိုမိုခက်ခဲသည့် ရာသီတစ်ခုဖြစ်လာမည်ဖြစ်ကြောင်းနှင့် မိမိတို့အသင်းအနေဖြင့် အမှတ်ပေးချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာတီတာက မန်စီးတီးအသင်းနှင့်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း အသင်း၏ခြေစွမ်းအပေါ် ကျေနပ်မိကြောင်းနှင့် မိမိတို့အသင်းသည် ပိုမိုကောင်းမွန်တိုးတက်လာဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က အသင်း၏ ခံစစ်ပိုင်းက ဂိုးများစွာပေးနေရခြင်းကို အမြန်ဆုံးပြုပြင်ရန် လိုအပ်နေပြီဟု ဝန်ခံပြောကြားခဲ့ပြီး၊ ဂိုးများပေးနေရခြင်းအတွက် ခံစစ်ကစားသမားများနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

လက်စတာအသင်း၏ နောက်ခံလူ ဆိုယွန်ဂျူသည် တူရကီလက်ရွေးစင်အသင်းအတွက် သွားရောက်ယှဉ်ပြိုင်ကစားစဉ် ကြွက်သားဒဏ်ရာ ရရှိခဲ့သောကြောင့် (၃)လခန့် အနားယူရမည်ဖြစ်ပြီး အသင်းအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်သည်ဟု လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က မာဆေးဆိုက်ဒ်ဒါဘီပွဲတွင် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်အား ဒဏ်ရာပြင်းထန်စွာရရှိအောင် ဖျက်ထုတ်ခဲ့သည့် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို အရေးယူအပြစ်ပေးမည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူနှင့် ထိတွေ့မှုရှိခဲ့သော ဒါဘီအသင်း၏ ကစားသမား/နည်းပြဖြစ်သူ ရွန်နီသည် ဆေးစစ်မှုခံယူခဲ့ရာတွင် Negative ဖြစ်ခဲ့သော်လည်း (၁၀)ရက်ကြာ သီးခြားနေထိုင်သွားရမည်ဟု သိရသည်။

အောက်တိုဘာ(၁၂)ရက်မှ (၁၈)ရက်အတွင်း ပြုလုပ်ခဲ့သည့် ပရီးမီးယားလိဂ်၏ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွင် Positive တွေ့ရှိခဲ့သည့်ကစားသမား (၈)ဦး အထိရှိခဲ့ကြောင်း သိရသည်။

ဂျာမနီ၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံ စသည့်နိုင်ငံများသည် ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ရွေးချယ်ခံသွားမည်ဟု သိရသည်။

Most Read

Most Recent