မန်ယူအသင်းအတွက် ရာသီသစ် ယခုမှစတင်ပြီဟု ဆိုးလ်ရှား ကြုံးဝါး

မန်ယူအသင်းအတွက် ရာသီသစ် ယခုမှစတင်ပြီဟု ဆိုးလ်ရှား ကြုံးဝါး
Published 19 October 2020

နယူးကာဆယ်အသင်းအား အဝေးကွင်း၌ ဂိုးပြတ်အနိုင်ရပြီးနောက် မိမိတို့အတွက် ရာသီသစ်မှာ ယခုမှစတင်ပြီဖြစ်ကြောင်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ကြုံးဝါးပြောဆိုသည်။

သို့ဖြစ်ရာ ၎င်းက ''ကျွန်တော်တို့အတွက် ရာသီသစ်က ဒီနေ့မှ စတာပါ။ ဟာရီက ဒီနေ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ဦးဆောင်သူတွေအတွက် ရှေ့ဆောင်လမ်းပြအဖြစ် ပြသခဲ့ပါတယ်။ ဟာရီက ပုံစံကောင်းပြနိုင်ခဲ့ပါတယ်။ သူ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ သူက ကျွန်တော်တို့အတွက် နောက်ဆုံးကစားခဲ့တဲ့ ပွဲကစပြီး နှစ်ပတ်အတွင်းမှာ ခက်ခဲတဲ့အခြေအနေတွေ ရင်ဆိုင်ခဲ့ရပါတယ်။ အသင်းခေါင်းဆောင်ရဲ့ အရမ်းကောင်းမွန်တဲ့ လှုံ့ဆော်မှုနဲ့ နိုင်ပွဲပြန်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဒါက ရလဒ်ကောင်းတစ်ခုပါပဲ''ဟု ပွဲအပြီးတွင် ချီးကျူးပြောကြားသည်။

စနေနေ့ နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် မန်ယူအသင်းသည် ပွဲအစနှစ်မိနစ်မှာပင် လုခ်ရှော၏ Own Goal ကြောင့် နယူးကာဆယ်အသင်းအား နောက်မှလိုက်ကစားရသော်လည်း ပွဲပြီးခါနီး နောက် ကျအနိုင်ဂိုးများဖြင့် ဂိုးပြတ်နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ 

ကွင်းတွင်းကွင်းပြင်ပြဿနာများကြောင့် ဝေဖန်မှုများ ရင်ဆိုင်နေရသည့် အသင်းခေါင်းဆောင် မက်ဂွိုင်းရားက ၂၃ မိနစ်တွင် ချေပဂိုးသွင်းယူပြီး ၅၈ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်၏ ပယ်နယ်တီကန်သွင်းမှုကို နယူးကာဆယ်ဂိုးသမား ကာကွယ်နိုင်သော်လည်း ၈၆ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်ကပင် ဒုတိယဂိုး၊ မိနစ် ၉၀ တွင် ဝမ်ဘစ်ဆာကာက တတိယဂိုးနှင့် နာကျင်အချိန်ပို ခြောက်မိနစ်တွင် ရပ်ရှ်ဖို့ဒ်က စတုတ္ထဂိုးသွင်းယူသောကြောင့် (၁-၄) ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

မန်ယူအသင်းသည် ယခုရာသီ အိမ်ကွင်းနှစ်ပွဲစလုံး ဂိုးပြတ်ရှုံးနိမ့်ထားသော်လည်း အဝေးကွင်းနှစ်ပွဲဆက်တိုက် နိုင်ပွဲရခဲ့သဖြင့် ဆိုးလ်ရှားအတွက် ဖိအားအနည်းငယ်သက်သာသွားပြီ ဖြစ်သည်။

Most Read

Most Recent