လာမည့်ရာသီအတွက် ပြင်ဆင်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ရန်ကုန်အသင်းတာဝန်ရှိသူများနှင့် နည်းပြအဖွဲ့ ဆွေးနွေး

လာမည့်ရာသီအတွက် ပြင်ဆင်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ရန်ကုန်အသင်းတာဝန်ရှိသူများနှင့် နည်းပြအဖွဲ့ ဆွေးနွေး
Photos : YUFC
Photos : YUFC
Published 18 October 2020

MNL ကလပ် ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူများနှင့် နည်းပြအဖွဲ့သည် လာမည့်ရာသီအတွက် ပြင်ဆင်မည့်အစီအစဉ်များနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ရာသီသစ်စတင်မည့်ကာလ၊ ကျင်းပမည့် အခြေအနေများ အတည်မပြုနိုင်သေးသဖြင့် လာမည့်ရာသီအတွက် ပြင်ဆင်မည့်အစီအစဉ်များကို အကြမ်းဖျင်းသာ သဘောတူညီမှု ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲစတင်မည့်အချိန်အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ယင်းအစည်းအဝေးတွင် လာမည့်ရာသီ၌ ရန်ကုန်အသင်း၏ ကစားသမား စုဖွဲ့မည့်အစီအစဉ်၊ ရေရှည်စီမံကိန်းအတွက် ဆောင်ရွက်မည့်အစီအစဉ်များကိုပါ အသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အုပ်ချုပ်မှုအဖွဲ့ဝင် များနှင့် နည်းပြအဖွဲ့ဝင်များ ဆွေးနွေးခဲ့ကြသည်။ 

" ဒီအစည်းအဝေးကတော့ လာမယ့်ရာသီအတွက် ပြင်ဆင်မယ့်အစီအစဉ်တွေကို ဆွေးနွေးတာဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့် ရာသီက ဘယ်တော့စတင်နိုင်မလဲဆိုတာ မသိသေးတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အပြီးသတ်ဆုံးဖြတ်ချက်ချတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ ဘောလုံးရာသီ ဘယ်တော့စမလဲဆိုတာ မူတည်ပြီး ပြင်ဆင်ဆောင်ရွက်သွားမှာပါ။ နည်းပြချုပ်ကလည်း သူပြင်ဆင်ချင်တာတွေနဲ့ပတ်သက်ပြီး တင်ပြပါတယ်။ အသင်းဥက္ကဋ္ဌကလည်း လာမယ့်ရာသီကို ဘယ်လိုပုံစံမျိုးနဲ့သွားမလဲ၊ ရေရှည်အတွက် ဘယ်လိုဆောင်ရွက်မလဲဆိုတာမျိုးတွေပါ ဆွေးနွေးခဲ့ပါတယ်။ နည်းပြချုပ်က လာမယ့် ရာသီအတွက် အသုံးပြုမယ့် လူစာရင်းကိုလည်း တင်ပြခဲ့ပါတယ်။ စာချုပ်ကုန်ဆုံးမယ့် ကစားသမားတွေကို သက်တမ်းတိုးဖို့အပြင် စာချုပ်ရှိပြီး နည်းပြက အလိုမရှိတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က လက်ရှိအချိန်မှာ လုပ်ဆောင်ဖို့မဖြစ်နိုင်သေးပါဘူး။ ရာသီသစ်အပေါ်မူတည်ပြီးပဲ လုပ်ဆောင်သွားရမှာပါ" ဟု ရန်ကုန်အသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် နှစ်ကုန်ပိုင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမားများအား သက်တမ်းတိုးခြင်း၊ ကစားသမားသစ်ခေါ်ယူခြင်းကို လာမည့် ရာသီ ကျင်းပမည့်ကာလ သတ်မှတ်ပြီးမှသာ ဆောင်ရွက်သွားမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် ပြည်တွင်းကစားသမားကောင်းများစွာ ပိုင်ဆိုင်ထားသောကြောင့် လာမည့်ရာသီတွင် ပြည်တွင်းကစားသမားသစ် ခေါ်ယူပါက တစ်ဦး (သို့မဟုတ်) နှစ်ဦးသာ ခေါ်ယူဖွယ်ရှိပြီး နိုင်ငံခြားသားကစားသမားများကိုသာ အဓိကခေါ်ယူရမည်ဖြစ်သည်။ 

ပြီးခဲ့သည့်ရာသီက ရန်ကုန်အသင်း အသုံးပြုခဲ့သော နိုင်ငံခြားသားကစားသမားများ၏ခြေစွမ်းမှာ သာမန်သာရှိသောကြောင့် အပြောင်းအလဲပြုလုပ်ဖွယ်ရှိနေပြီး ကစားသမားအရေအတွက်  သုံးဦး (သို့မဟုတ်) လေးဦး ခေါ်ယူမည့်အစီအစဉ်ကိုလည်း ပြန်လည်အတည်ပြုမည်ဖြစ်သည်။ ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်အသင်း၏ ပြည်တွင်းကစားသမားအများအပြား စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သန်းပိုင်၊ ငြိမ်းချမ်းအောင်၊ အီစိုး၊ ကောင်းထက်စိုးစသည့် အမာခံကစားသမားများလည်း ပါဝင်နေသည်။ 

Most Read

Most Recent