ရေလုပ်ငန်း၊ ဆားလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေသည့် လပွတ္တာမြို့တွင် မြို့ပေါ်ရှိ ရေလုပ်ငန်းရှင်များမှာ ငါး၊ ပုစွန်၊ ကဏန်းစသည့် ရေထွက်ကုန်ပစ္စည်းများ စျေးကွက်ရပ်တန့်နေခြင်း နိုင်ငံတော်မှ ထုတ်ပေးသည့် ကိုဗစ်ချေးငွေများ မရရှိခြင်းများကြောင့် လုပ်ငန်းများ ဆက်လက်ရပ်တည်ရန် ခက်ခဲမှုများ ကြုံတွေ့နေရကာ မှီခိုလုပ်သားအများစုကို အလုပ်လက်မံ ဖြစ်နေကြောင်း သတင်းရရှိသည်။
ငါး၊ ပုစွန်၊ ကဏန်းစသည့် ရေထွက်ကုန် ပစ္စည်းများကို တင်ပို့ရန်အတွက် လမ်းကြောင်းများ အဆင့်ဆင့် ပိတ်ထားခြင်းကြောင့် တင်ပို့ရန် မလွယ်ကူခြင်း၊ နိုင်ငံခြား Export တင်ပို့၍ မရခြင်းများကြောင့် စျေးနှုန်းများ ကျဆင်းလာကာ ဝယ်လိုအား နည်းပါးလာသဖြင့် ရေလုပ်ငန်းရှင်များမှာ ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း၊ ထို့ပြင် ကိုဗစ်ကာလ နိုင်ငံတော်မှ ကူညီထောက်ပံ့သည့် ချေးငွေများကို မရရှိသောကြောင့် လုပ်သားများ လျှော့ချခြင်းနှင့် အချို့သော လုပ်ငန်းရှင်များမှာ ၎င်းတို့၏ လုပ်ငန်းများ ရပ်နားလိုက်ရခြင်းများ ဖြစ်ပေါ်လျက်ကြောင်း သိရသည်။
“ခံနိုင်ရည်စွမ်းအားရှိတဲ့ အထိတော့ လုပ်ပါမယ်။ စွမ်းအားမရှိတော့တဲ့ အခါကျရင်တော့ တံခါးပိတ်ပြီး နေရမယ့် အဖြစ်ကို စဉ်းစားရတော့မှာပေါ့။ စွမ်းအားဆိုတာ ကိုယ့်ရဲ့ရင်းနှီးမြုပ်နှံမှုနဲ့ မြှုပ်နှံထားတာ ဘယ်လောက်ထိရှိလဲ ဒီလိုဆက်သွားနေရင် ဘယ်နှနှစ်လောက်ခံနိုင်မှာလဲ ဘယ်နှလလောက် ခံနိုင်မှာလဲ။ ဒါတွေပေါ့နော်။ ခံနိုင်တဲ့စွမ်းအား မရှိဘူး ဆိုရင်တော့ ကျွန်တော်တို့ ပိတ်ပစ်ရမှာပေါ့။ အစိုးရက အခုကျွန်တော်တို့လုပ်ငန်း အကြီး၊ အသေး၊ အလတ်တွေကို ချေးငွေတွေ ပေးတယ်တဲ့ ကျွန်တော်တို့ မိခင်ဌာနဖြစ်တဲ့ ငါးလုပ်ငန်း ဦးစီးဌာနက ကျွန်တော်တို့ ကဏန်း၊ ပုစွန်၊ ငါးနဲ့ပတ်သက်လို့ ကျွန်တော်တို့ လုပ်ငန်းရှင်တွေကို ကိုဗစ်ချေးငွေအဖြစ် ပေးပါမယ်ဆိုပြီး ညွှန်ကြားချက်ထုတ်ပြီး စာမရှိဘူးဗျ။ တိုင်းဒေသကြီးနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေကတော့ ရပြီးပြီ။ ကျွန်တော်တို့ တကယ်လုပ်နေရတဲ့ မြို့နယ်မှာရှိတဲ့ ကျွန်တော်တို့ဆို ဘာမှမသိရဘူး။ သူများပြောသံကြားနဲ့ လိုက်ပြီးတော့ စုံစမ်းကြည့်တော့ ရတဲ့သူရပြီးပြီ။ ညွှန်ကြားချက်လည်းမထုတ်၊ မိခင်ဌာနကလည်း ဘာမှသတင်းမပေး၊ မေးပြန်တော့လည်း တိကျတဲ့ အဖြေမရ၊ သူများတွေရနေပြီး ကျွန်တော်တို့ လုပ်ငန်းရှင်တွေက အခက်အခဲတွေ ကြုံနေတာပေါ့” ဟု လပွတ္တာမြို့ရှိ ငါးပုစွန် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသိန်းဇော်က ဆိုသည်။
ကဏန်းလုပ်ငန်းရှင်များမှာလည်း အခက်အခဲများစွာကို ကြုံတွေ့နေရပြီး လပွတ္တာမြို့တွင် ကဏန်းဒိုင်ပေါင်း ၁၅၀ ကျော်ရှိသည့်အနက် သုံးပုံတစ်ပုံခန့်မှာ ရပ်နားထားရကြောင်း သိရသည်။
“ကျွန်တော်တို့ အခု နိုင်သလောက်တော့ ထိန်းပြီးတော့ လုပ်နေကြတယ်။ မနိုင်တဲ့အဆုံးမှာ တချို့ဒိုင်တွေလည်း ပိတ်တဲ့ဒိုင်တွေလည်း ပိတ်ကုန်ကျတယ်။ ပိတ်တာသည် ဘာကြောင့် ပိတ်ရတာလဲဆိုတော့ ကျွန်တော်တို့ လပွတ္တာမှာ ဒိုင်ခန်းတွေနဲ့ လုပ်ကိုင်တဲ့သူတွေက ၁၄၀ လောက်ရှိတဲ့အနက်မှာ ၁၀၀ လောက်က ဒိုင်ခန်း အငှားတွေ ဖြစ်တယ်၊ ဒိုင်ခန်းအငှားတွေသည် ဒိုင်ခန်းလစာတွေ ကျွန်တော်တို့ မပေးနိုင်ကြတော့ဘူး။ လုပ်သား လစာတွေလည်း ကြီးမြင့်တယ်။ ဒိုင်ခန်းလစာတွေလည်း ကြီးမြင့်တယ်။ ဒိုင်ခန်းတစ်ခန်းက ဟိုတုန်းက ခုနစ်သောင်း၊ ရှစ်သောင်းကနေ အခုလက်ရှိ တစ်သိန်းခွဲကနေ သုံးသိန်းအထိ တက်လာတယ်။ အခု အဲဒီလစာတွေ ကျွန်တော်တို့ မနိုင်တော့ဘူး။ ဒိုင်တွေပါ ရပ်နားရတာပေါ့ ၃၀ ကျော် ၄၀ ဝန်းကျင်က ရပ်နားသွားရပြီ။ ဒီဒိုင်တွေ နားသွားခြင်းအားဖြင့် သူတို့အောက်မှာ မှီခိုတဲ့ သူတို့တင်ရောင်းတဲ့ သူတွေက အခြားဒိုင်တွေပြောင်းတယ်။ သူတို့ကို မှီခိုတဲ့ လုပ်သားတွေက အခြားအလုပ်တွေကို ထွက်လုပ်ရတယ်။ ပန်းရံအလုပ်တို့ အုတ်သယ်၊ ကျောက်သယ်တို့ မကျွမ်းကျင်တဲ့အလုပ် လုပ်ရတော့ ထင်သလောက် မရဘူး။ ထင်သလောက်မရတော့ အခက်အခဲတွေ ဖြစ်ကုန်တာပေါ့” ဟု လပွတ္တာမြို့နယ် ကဏန်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။
ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံခြားသို့ Export တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်ဌေးကလည်း လုပ်ငန်းများ ရပ်နားထားရခြင်းနှင့် ပတ်သက်၍ “ကဏန်းစျေးကွက်အရ ပြောမယ်ဆိုရင် ယခင်ဒီရာသီတွေမှာ ကဏန်းမွေးစိုက်တွေက တစ်ကီလိုကို ခုနစ်ထောင်၊ ရှစ်ထောင်ဖြစ်တဲ့ စျေးကွက်တွေက အခုလက်ရှိ ဖြစ်နေတာက သုံးထောင်လောက်ပဲ ရှိပါတယ်။ Export စျေးကွက်ဆိုလည်း ဒီအတိုင်းပဲ တရုတ်က စျေးကွက်တွေ နှိမ်ပြီးတော့ ဝယ်နေတဲ့ သဘောပေါ့။ ဒီရောဂါတွေသာ မဖြစ်ဘူးဆိုရင် စျေးကွက်ပွင့်လင်းတဲ့ ရာသီပါ။ Export က အခုကိုဗစ်ကြောင့် နားထားရတယ်။ လမ်းတွေမှာ တစ်ဆင့်တစ်ဆင့် ဂိတ်တွေကများတယ်။ ကဏန်းဆိုတာက သက်ရှိသတ္တဝါ၊ ရက်တွေကြာတာနဲ့အမျှ ဒီကဏန်းတွေက အထဲမှာ အသားပြည့်နှုန်းတွေက နည်းနည်းလာတာမို့ အခြားဝယ်လက်တွေက ပြည်ပဝယ်လက်တွေက မကြိုက်တော့ ကျွန်တော်တို့ လုပ်ငန်းတွေ နားထားရပါတယ်။ အထောက်အပံ့ ချေးငွေတွေလည်း လုံးဝမရတော့ လုပ်သားတွေပါ ထိန်းမထားနိုင်တော့ဘူး” ဟု ပြောကြားသည်။
လပွတ္တာမြို့နယ်သည် လယ်ယာလုပ်ငန်း၊ နေလှန်းဆား လုပ်ငန်းနှင့် ရေထွက်ကုန် ရောင်းဝယ်ခြင်း လုပ်ငန်းကို အဓိက လုပ်ကိုင်နေသည့် မြို့တစ်မြို့ဖြစ်ပြီး ရေထွက်ကုန် လုပ်ငန်းများအပေါ် မှီခိုလုပ်ကိုင်နေသည့် လုပ်သားများမှာ ငါးသောင်းကျော်ထိရှိပြီး လုပ်ငန်းများ ရပ်တန့်နေရခြင်းကြောင့် လုပ်သားအများစုမှာ အလုပ်လက်မဲ့များ ဖြစ်ပေါ်နေရကြောင်း သိရသည်။















