လောင်းကစားမှု စွဲချက်အတွက် FA ၏ ကြားနာမှုကို တက်ရောက်ခဲ့ရသဖြင့် အင်္ဂလန်-ဒိန်းမတ်ပွဲစဉ်ကို ထရစ်ပီယာ လွဲချော်ခဲ့

လောင်းကစားမှု စွဲချက်အတွက် FA ၏ ကြားနာမှုကို တက်ရောက်ခဲ့ရသဖြင့် အင်္ဂလန်-ဒိန်းမတ်ပွဲစဉ်ကို ထရစ်ပီယာ လွဲချော်ခဲ့
Photo: Getty Images
Photo: Getty Images
Published 15 October 2020

အင်္ဂလန်အသင်း၏ နောက်ခံလူ ထရစ်ပီယာသည် လောင်းကစားမှုစွဲချက်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ၏ ကြားနာမှုကို တက်ရောက်ခဲ့ရသဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကစားခဲ့သော UEFA Nations League ပွဲစဉ်အင်္ဂလန်-ဒိန်းမတ်ပွဲကို လွဲချော်ခဲ့ကြောင်း သိရသည်။

အက်သလက်တီကိုမက်ဒရစ် နောက်ခံလူ ထရစ်ပီယာသည် ပြီးခဲ့သည့် ၂၀၁၉ ဇူလိုင်လအတွင်းက လောင်းကစားမှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရခြင်းဖြစ်ပြီး FA က ၎င်းအား စွဲချက်တင်ထားသည်။

ထရစ်ပီယာအနေဖြင့် ပြစ်မှုရှိကြောင်း ထင်ရှားပါက (၆)လအထိ ပွဲပယ်ပြစ်ဒဏ်ကျခံရနိုင်ကြောင်း The Athletic သတင်းစာက ဖော်ပြခဲ့သည်။

ထရစ်ပီယာသည် သူ၏သူငယ်ချင်းများနှင့် Whats App တွင် အပြန်အလှန်ပြောဆိုခဲ့ရာမှ ၎င်းလောင်းကစားပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထရစ်ပီယာကို FA က ယခုနှစ်မေလကတည်းက စွဲချက်တင်ထားခြင်းဖြစ်ပြီး ၎င်းကမူ လောင်းကစားပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ငြင်းဆန်ပယ်ချထားကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းနှင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း စတာရစ်ချ် (၃၁ နှစ်)သည် လောင်းကစားပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရ၍ ယခုနှစ်၊ မတ်လအတွင်း (၄)လပွဲပယ်ပြစ် ဒဏ်ချမှတ်ခံခဲ့ရပြီး လက်ရှိတွင် အသင်းလက်မဲ့ဖြစ်လျက်ရှိနေသည်။ 

Most Read

Most Recent