မန်ယူအသင်းနှင့် ဆုဖလားများရယူရန် ကြိုးပမ်းသွားမည်ဟု တိုက်စစ်မှူးသစ် ကာဗာနီ ကတိပြု

မန်ယူအသင်းနှင့် ဆုဖလားများရယူရန် ကြိုးပမ်းသွားမည်ဟု တိုက်စစ်မှူးသစ် ကာဗာနီ ကတိပြု
Photos : Getty Images
Photos : Getty Images
Published 14 October 2020

မန်ယူအသင်းနှင့် ဆုဖလားများရယူရန် ကြိုးပမ်းသွားမည်ဟု ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်က အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် တိုက်စစ်မှူးသစ် ကာဗာနီက အသင်းဝက်ဘ်ဆိုက်နှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

" ပြိုင်ပွဲဝင်နေတဲ့ ဘယ်ကစားသမားမဆို  သဘာဝကိုက ဆုဖလားတွေ အမြဲတမ်းရယူလိုတဲ့ဆန္ဒရှိမယ်လို့ ကျွန်တော် ယူဆပါတယ်။  အလုပ်ကို ကြိုးကြိုးစားစား လုပ်ဆောင်တိုင်း ရလဒ်ကောင်းတွေ ရလာမှာပါ။ အကောင်းဆုံးစွမ်းဆောင်ရည်ပေါ် မူတည်ပြီး သင့်လျော်တဲ့ရလဒ်တွေ ရနိုင်ပါတယ်။ အဲဒီနောက်မှာတော့ ရလဒ်ကောင်းတွေရလာချိန်မှာ ဆုဖလားတွေဆွတ်ခူးဖို့နဲ့ ကြီးမားတဲ့အောင်မြင်မှုတွေရဖို့ လမ်းကြောင်းပေါ်ရောက်လာပါလိမ့်မယ်။ ကျွန်တော်ဟာ ကမ္ဘာ့ထိပ်တန်းကလပ်အသင်းတွေထဲကတစ်သင်းကို ပြောင်းရွှေ့လာတာပါ။ ကလပ်အသင်းတစ်သင်းအနေနဲ့ ပထမဆုံးရည်မှန်းချက်တွေထဲက တစ်ခုကတော့ အနိုင်ရဖို့နဲ့ ချန်ပီယံဖြစ်ဖို့ပဲလို့ ကျွန်တော် ယူဆပါတယ်။ မန်ချက်စတာယူနိုက်တက်လိုအသင်းဟာ ဆုဖလားအောင်ပွဲအတွက် ရည်မှန်းချက်ကြီးတဲ့အသင်းတစ်သင်းဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ပရီးမီးယားလိဂ်နဲ့စတင်ပြီး တခြားဆုဖလားတွေလည်း ပါဝင်ပါတယ်။ ဘာကြောင့် ကျွန်တော်ဟာ ဒီအသင်းနဲ့အတူ အောင်မြင်မှုဆုဖလားတွေ ရယူသွားလိုသလဲဆိုတာ အကြောင်းပြချက်ရှိပါတယ်။ ဒါကတော့ ကျွန်တော်ကစားခဲ့တဲ့အသင်းတိုင်းမှာ အမြဲတမ်းကြိုးစားခဲ့ပြီး တူညီတဲ့ခံစားမှုလည်းဖြစ်ပါတယ်" ဟု အသက် ၃၃ နှစ်အရွယ် ရှိ ကာဗာနီက ပြောကြားခဲ့သည်။ 

ကာဗာနီသည် ဒါနူဘီယို၊ ပါလာမို၊ နာပိုလီနှင့် PSG အသင်းများတွင် ကစားခဲ့ပြီး ဒါနူဘီယို၊ နာပိုလီအသင်းများနှင့် ဖလားတစ်လုံးစီသာရရှိခဲ့ခဲ့သော်လည်း PSG အသင်းတွင်မူ အမှတ်ပေးချန်ပီယံ ခြောက်ကြိမ်အပါအဝင် ဆုဖလား ၁၉ လုံးအထိရရှိခဲ့သည်။

ထို့ပြင် ကာဗာနီက လာမည့်အောက်တိုဘာလ ၂၀ ရက်တွင် ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်အဖြစ် အသင်းဟောင်း PSG အသင်း နှင့်တွေ့ဆုံနေမှုအပေါ်တွင် ကံစီမံရာသာ ဖြစ်ပြီး မည်သို့ကျော်ဖြတ်ရမည်ကို စဉ်းစားနေသည်ဟု မှတ်ချက်ပြုခဲ့သည်။ ကာဗာနီသည် လက်ရှိတွင် ဗြိတိန်သို့ရောက်ရှိနေပြီ ဖြစ်သော်လည်း ဗိုင်းရပ်စ်ကပ်ဘေးကာလ ဗြိတိန်ဥပဒေအရ ၁၄ ရက်ကြာ သီးသန့် Quarantine ဝင်နေရခြင်းဖြစ်သည်။ 

Quarantine မှာ အောက်တိုဘာလ ၁၇ ရက်တွင်ကစားမည့် နယူးကာဆယ်နှင့်ပွဲပြီး နောက်တစ်ရက် မှ ပြည့်မည်ဖြစ်သောကြောင့် ကာဗာနီအနေ ဖြင့် အသင်းသစ်နှင့်ပွဲဦးထွက်ကို အောက်တိုဘာလ ၂၀ ရက်တွင်ကစားမည့် ချန်ပီယံလိဂ် ပွဲစဉ် အသင်းဟောင်း PSG နှင့်ပွဲတွင်မှ စတင်ကစားရဖွယ်ရှိသည်။ 

Most Read

Most Recent