ရွေးကောက်ပွဲတွင် ကျန်းမာရေးကြောင့် မသွားနိုင်၊ မလာနိုင်လျှင် အိမ်များ၌ ကြိုတင်မဲ လာရောက်ယူပေးရန် စီစဉ်ပေး၍ ရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အောက်တိုဘာ ၁၂ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်းပြီး ပြည်သူများသို့ အစီရင်ခံတင်ပြရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံခြားမှာတော့ ရွေးကောက်ပွဲတွေ စနေပါပြီ။ ဒီနိုင်ငံမှာလည်း မကြာခင် စပါတော့မယ်။ ပြည်သူများ သိတဲ့အတိုင်းပဲ ပိုပြီးတော့ လုံလုံခြုံခြုံနဲ့ ပြည့်ပြည့်စုံစုံ မဲပေးနိုင်ဖို့အတွက် အသက် ၆၀ ကျော်တွေကို အထူးအခွင့်အရေး တစ်ခုအနေနဲ့ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ နောက်ပြီးတော့လည်း မဲရုံတွေမှာ သိပ်ပြီးတော့ လူစုလူဝေး မဖြစ်ဖို့အတွက်ဆိုပြီး ကြိုတင်မဲပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ သွားနိုင်လာနိုင် ကျန်းကျန်းမာမာရှိတဲ့ ပုဂ္ဂိုလ်များဟာ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ သွားပြီးတော့ ကြိုတင်မဲပေးလို့ရပါတယ်။ အကယ်၍ ကျန်းမာရေးကြောင့် မသွားနိုင်ဘူး၊ မလာနိုင်ဘူး ဆိုရင်လည်း အိမ်မှာလာပြီးတော့ ကြိုတင်မဲလာယူပေးဖို့ စီစဉ်ပေးလို့ ရပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်ပြီး ကြိုတင်မဲများနှင့် ပတ်သက် ၍ ဆေးရုံများ၊ Quarantine Center များတွင်လည်း ပြည်သူများ အခွင့်အရေး မဆုံးရှုံးစေရန် ကြိုတင်မဲများ ပေးနိုင်ရန်အတွက် စီစဉ်ထားကြောင်း၊ ယင်းအစီအစဉ်များကို အဟောသိကံ မဖြစ်ရအောင် ပြည်သူပြည်သားများ အားလုံး၊ မဲပေးခွင့်ရှိသူများအားလုံး အစီအစဉ်အရ မဲပေးစေချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
“ဒါဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးကြီးပါတယ်။ COVID ကလည်း ကျွန်မတို့နိုင်ငံရဲ့ အခုလောလောဆယ် အခြေအနေအတွက် အရေးကြီးပါတယ်။ နောက်ပြီးတော့ သိပ်ရှည်ရှည်ကြီး မဟုတ်ရင်တောင်မှ နောင်တစ်နှစ်၊ နှစ်နှစ်အတွက် စီးပွားရေးကိုလည်း မထိခိုက်အောင်လို့ ကျွန်မတို့ ကြိုးပမ်းနေသလို ပြည်သူပြည်သားတွေကလည်း ၀ိုင်းပြီးတော့ ကြိုးပမ်းတဲ့အနေနဲ့ ရောဂါမရဖို့အတွက် ကျန်းကျန်းမာမာရှိအောင် နေကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လက်ရှိတွင် အထွေထွေရွေးကောက်ပွဲသည် စိန်ခေါ်မှုကြီးတစ်ခုဟု ဆိုသော်လည်း ပြည်သူလူထုအတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်ကြောင်း၊ နိုင်ငံခြားတွင် ကြိုတင်မဲ စတင်ပေးနေသည်မှာ ပြည်သူများအသိဖြစ်ပြီး မဲ ပေးချင်သည့် စာရင်းဝင်ထားသူ ၁၀၉၄၇၀ ဦးထဲက ၅၀၅၂၀ ဦး မဲပေးပြီး ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းအပြင် COVID ရောဂါကို မည်မျှကြာကြာ လုပ်ရဦးမည်ဆိုလျှင် ပညာရှင်များ၏ အမြင်တွင် ကာကွယ်ဆေးသည် သိပ်ပြီး မကြာတော့သည့် ကာလမှာ ဖြစ်နိုင်ကြောင်း၊ ယင်းသည်လည်း ၁၀၀ ရာခိုင်နှုန်း သေချာသည်ဟု မပြောလိုကြောင်း၊ နောက်ဆုံးအချိန်ကို ရောက်နေပြီဟု ကျန်းမာရေးဆိုင်ရာပညာရှင်များက သတ်မှတ်ကြောင်း၊ သို့သော်လည်း ယင်းအခြေအနေ ရောက်သည်အထိ အားလုံးသည် ရောဂါကူးစက်ရန် အန္တရာယ်ရှိနေသေးသည်ကို သတိပြုစေချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။















