တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး ရှမ်းပြည်နယ်အစိုးရမှ တာဝန်ယူဖြေရှင်းပေးရန် ကျောက်မဲခရိုင် လွှတ်တော်ကိုယ်စားလှယ်များမှ လက်မှတ်ရေးထိုး၍ တင်ပြတောင်းဆို

တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး ရှမ်းပြည်နယ်အစိုးရမှ တာဝန်ယူဖြေရှင်းပေးရန် ကျောက်မဲခရိုင် လွှတ်တော်ကိုယ်စားလှယ်များမှ လက်မှတ်ရေးထိုး၍ တင်ပြတောင်းဆို
Published 13 October 2020
   စည်သာ(တောင်ကြီး)

တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး ရှမ်းပြည်နယ်အစိုးရမှ တာဝန်ယူဖြေရှင်းပေးရန် ကျောက်မဲခရိုင် လွှတ်တော်ကိုယ်စားလှယ်များမှ လက်မှတ်ရေးထိုး၍ တင်ပြတောင်းဆိုခဲ့ကြောင်း ကျောက်မဲမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြောကြားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပုံဝိုးဒေသတွင် တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့ စက်တင်ဘာ ၃၀ ရက်မှ စတင်ခဲ့သော တိုက်ပွဲကြောင့် လူဦးရေ သုံးထောင်ကျော်တို့သည် ထွက်ပြေး တိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာရရှိခြင်း၊ အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခံစားနေရကြောင်း သိရသည်။

စစ်ဘေးဒုက္ခသည်များမှာ ဘုန်းတော်ကြီးကျောင်း ခုနစ်ခုတွင် စုဝေးတိမ်းရှောင်နေရပြီး ပတ်ဝန်းကျင်မြို့နယ်များရှိ ပရဟိတအဖွဲ့၊ စေတနာရှင်များ၏ လှူဒါန်းမှုဖြင့် ရပ်တည်နေရကာ လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

ကျောက်မဲဒေသအတွင်း တိုက်ပွဲများကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ရှမ်းပြည်နယ်အစိုးရမှ တာဝန်ယူဖြေရှင်းပေးပါရန် တောင်းဆိုကြောင်း ကျောက်မဲမြို့နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ် လေးဦးတို့မှ လက်မှတ်ရေးထိုး၍ ရှမ်းပြည်နယ်အစိုးရထံသို့ အောက်တိုဘာ ၁၀ ရက်တွင် တင်ပြထားကြောင်း သိရသည်။

“ အဓိကတော့ စစ်ပွဲဖြစ်နေတာ တစ်ပတ်ကျော်သွားပြီ။ အစိုးရက မသိသလို မကြားသလို ဖြစ်နေတာပေ့ါ။ ရွှေလီဘက်မှာ NLD အင်အားပြတာ တစ်ခါထဲ ပြဿနာဖြစ်တာ တစ်ခါထဲ ရှင်းပေးလိုက်တာလေ။ ကျောက်မဲမှာ လူပေါင်း သုံးထောင်ကျော်လောက် သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးပေါ့။ ထွက်ပြေး တိမ်းရှောင်နေရတယ်။ ပစ္စည်းတွေ ပျက်စီးသလို ဒဏ်ရာရမှုတွေ ဖြစ်နေတယ်။ အစိုးရကနေ ကာကွယ်စောင့်ရှောက်ဖို့ လိုတာပေ့ါ။ တိုက်တွန်းတောင်းဆိုတဲ့ သဘောပေါ့။ လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ အလှူခံဌာန ဖွင့်ပြီးတော့ ရုံးမှာထိုင်ပြီး လက်ခံသလို စိုင်းထွန်းဝင်းက နေ့တိုင်း သွားနေတယ်။ ပါတီလူကြီးကနေ စာထွက်ဖို့ လိုတယ်လို့ဆိုလို့လေ၊ အစိုးရကနေ သမ္မတကို အကြောင်းကြား၊ သမ္မတကနေ ဒီစစ်ပွဲကို ချက်ချင်းရပ်ပါလို့ လုပ်လို့ရတယ်လို့ မြင်တယ်လေ။ သမ္မတက ပြောမယ်ဆိုရင်တော့ စစ်တပ်ပိုင်းကလည်း လိုက်နာဖို့လိုတယ်လေ။ ခုလောလောဆယ် မသိသလို ဖြစ်နေတော့ စာထွက်တဲ့ သဘောပါပဲ။ အဓိကတော့ စားဝတ်နေရေးပဲပေ့ါ။ သူက လူဦးရေ များများလာတာ လူဦးရေ သုံးထောင်ကျော် သွားတာပေ့ါ။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ရွေးကောက်ပွဲလည်း ရှိနေတာ တစ်လလောက်ပဲ လိုတယ်။ သက်ဆိုင်ရာတွေလည်း သိရှိသွားအောင် ဖြေရှင်းနိုင်အောင်ပေ့ါ။ ကျောက်မဲမြို့ပေါ် လာတဲ့သူတွေကတော့ ဆွေမျိုးတွေ ဆီလာတယ်။ ဘုန်းကြီးကျောင်းမှာ ရောက်နေတာ ၇ နေရာရှိတယ်။ လူဦးရေ သုံးထောင်ကျော်တယ်” ဟု ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြောကြားသည်။

Most Read

Most Recent