ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာမည့် မော်တော်ယာဉ်များကို အတက်အဆင်း မခွဲခြားတော့ဘဲ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အားလုံးကို Test Kit ဖြင့် စစ်ဆေးသွားမည်

ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာမည့် မော်တော်ယာဉ်များကို အတက်အဆင်း မခွဲခြားတော့ဘဲ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အားလုံးကို Test Kit ဖြင့် စစ်ဆေးသွားမည်
Published 13 October 2020
စည်သာ

ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာမည့် မော်တော်ယာဉ်များကို အတက်အဆင်း မခွဲခြားတော့ဘဲ ယာဉ်မောင်းနှင့် ယာဉ်နောက်အကုန်လုံးကို Test Kit ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး တောက်လျှောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  သတင်းရရှိသည်။

ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာမည့် ကုန်တင်မော်တော်ယာဉ်များ၊ ထွက်ခွာမည့် မော်တော်ယာဉ်များကို ရောဂါပိုး ရှိ မရှိ RDT (Rapid Antigene Diagnostic Test Kit) ဖြင့် စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ကာ ရောဂါပိုးကင်းစင်ကြောင်း ဆေးလက်မှတ်ကို ပြည်နယ်တွင်းသို့ ဝင်ရောက်တိုင်း၊ ထွက်ခွာတိုင်း အမြဲတမ်းစစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။

“ ကုန်တင်ကုန်ချကတော့ ရပ်ကွက်ကို သတင်းပို့၊ ကိုဗစ်ညွှန်ကြားချက်နဲ့အညီ လုပ်နေပြီလေ။ ပွဲရုံတွေပေ့ါ။ နမ့်ပန်တက်မှာ အခုလုပ်ထားပြီလေ ဆောက်ထားပြီးပြီ။ အထွေထွေသုံးမှာပါပဲ။ ကားတွေလည်း ထားမယ်။ လူတွေလည်း ထိန်းလို့ရမယ်။ ဒီလိုလေ အခုညွှန်ကြားချက်အနေနဲ့ အတက်ရော အဆင်းရောစစ်မယ်။ သုံးရက်တွေ ၁၄ ရက်တွေ မဟုတ်တော့ဘူး။ ရှမ်းပြည်နယ်က လူတွေအတွက် အတက်ရော အဆင်းရော စစ်မယ်။ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်ကလည်း ဒီလိုပဲ စစ်ဆေးပြီးတော့မှ လွှတ်မှာ။ ခါတိုင်းက အတက်ပဲ၊ အဆင်းပဲ၊ အခုက အတက်ရော အဆင်းရော စစ်မယ်။ ကာလမရှိဘူး။ မနက်ဖြန်လောက် သဘက်ခါလောက် တက်လာရင်ပြန်စစ်၊ တောက်လျှောက်စစ်ပဲ။ အခုက Kit နဲ့ တောက်လျှောက်စစ်သွားမယ်။ ကျန်းမာရေးက ပေးတာ၊ အစိုးရအဖွဲ့ စီစဉ်ပေးတာ Test Kit တွေ လုံလောက်ပါတယ်။ ခရီးသည်တင်ယာဉ်တွေ ပေးမဝင်တော့ဘူး။ ရှမ်းပြည်နယ်တွင်းကိုလာတဲ့ မော်တော်ယာဉ်အဝင်အထွက်ကိုတော့ အကုန်လုံးစစ်တော့မယ်။ တောက်လျှောက်စစ်တော့မယ်” ဟု တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ များပြားလာသဖြင့် ရှမ်းပြည်နယ်တွင်းသို့ ခရီးသည်တင်မော်တော်ယာဉ်များကို အောက်တိုဘာ ၁၀ ရက်မှစတင်၍ ဝင်ခွင့်မပြုတော့ကြောင်း၊ ကုန်တင်ယာဉ်များကိုလည်း COVID-19 ရောဂါပိုးကင်းစင်ကြောင်း ဆေးလက်မှတ်ထောက်ခံချက် ပြနိုင်မှသာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး ရှမ်းအရှေ့ပိုင်း၊ ရှမ်းတောင်ပိုင်းသို့ သက်ဆိုင်ရာ မြို့များသို့ သွားရောက်ပို့ဆောင်နိုင်ရန် အစုအဖွဲ့ယာဉ်တန်းဖြင့် တောင်လေးလုံးဂိတ်မှ တောင်ကြီးမြို့ပြင်အထိ ယာဉ်တန်းအရာရှိ ဦးဆောင်၍ ပို့ဆောင်ပေးမည်ဖြစ်သည်။

Most Read

Most Recent