ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် တည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းတည်ဆောက်ရေး လုပ်ငန်းများပြီးစီးပြီဖြစ်၍ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ATR လေယာဉ်ဖြင့် ပျံသန်းစစ်ဆေးမှုအား ယခုလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ချင်းပြည်နယ်သည် ကုန်းလမ်းတစ်ခုတည်းကိုသာ အားကိုးနေရသဖြင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များ အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်နိုင်ရန် တောင်ပေါ်မြေပြန့်ဖွံ့ဖြိုးမှု ကွာဟချက်မရှိစေရန် ပေခြောက်ထောင်ကျော် တွင် ပထမဆုံးတည်ဆောက်သည့် လေဆိပ် တစ်ခုဖြစ်ကြောင်း သိရသည်။
“အခုက ဆူရ်ဘူန်လေဆိပ်တည်ဆောက်ရေးက ပြီးစီးတဲ့အခြေအနေတော့ ဖြစ်နေပါ ပြီ။ လတ်တလောက COVID-19 ရောဂါ အခြေအနေတွေကြောင့် ဖွင့်ပွဲတော့ ပြုလုပ် ဦးမှာမဟုတ်ဘဲ မြန်မာအမျိုးသား လေ ကြောင်းလိုင်းက ATR လေယာဉ်နဲ့ စမ်းသပ် ပျံသန်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီးဦးကျော်မျိုးက ပြောကြား သည်။
လက်ရှိတွင် ဖလမ်း (ဆူရ်ဘုန်) လေ ယာဉ်ကွင်း၌ ရာသီဥတုအခြေအနေအပေါ် မူတည်၍ တောင်ပေါ်ဒေသလေယာဉ်ကွင်း များတွင် တပ်ဆင်အသုံးပြုသည့် Navigation Facilities များတပ်ဆင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပြီးဖြစ်ကာ တောင်ဖြိုခြင်းလုပ်ငန်းများအားလည်း ဆောင်ရွက်ပြီးဖြစ် ကြောင်း သိရသည်။
သွားလာရခက်ခဲသည့် ချင်းပြည်နယ်ရှိ ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းတည် ဆောက်ရေးလုပ်ငန်းများအားလုံး လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်ပြီးစီး၍ ATR -72 လေယာဉ်များ ဆင်းတက်အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကတည်းက မြေပြင်ကွင်းဆင်းလေ့လာတိုင်းတာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းများကို စတင်ခဲ့ပြီး နှစ်အလိုက် ဘတ်ဂျက်ရရှိမှုအပေါ် မူတည် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီး စီးသွားပြီဖြစ်ကြောင်း၊ လေယာဉ်ကွင်း ဖွင့် လှစ်ပြီးပါက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် ကလေးမြို့သို့ တိုက်ရိုက်ခရီးစဉ် ပျံသန်း သွားမည်ဖြစ်သဖြင့် ချင်းပြည်နယ်သို့ ပြည် တွင်း ပြည်ပခရီးသွားများ ပိုမိုလာရောက်လည် ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဖလမ်းလေဆိပ်သည် ချင်းပြည်နယ်၏ အလယ်ပိုင်းတွင်တည်ရှိပြီး ဖလမ်းလေဆိပ် မှ ဖလမ်းမြို့၊ လုံပီးတောင်၊ ဟားခါး၊ ထန်တ လန်၊ တီးတိန်၊ ရိဒ်ရေကန်စသည့် ချင်းပြည် နယ်ရှိ မြို့များမှ ဖလမ်းလေဆိပ်နှင့် ချိတ် ဆက်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည် နယ်လေဆိပ်များသို့ အချိန်တိုအတွင်း လွယ် ကူလျင်မြန်စွာသွားလာနိုင်ရန် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပတ်ဝန်းကျင် တောင်တန်းထူထပ်မှုနှင့် ရာသီဥတု အခြေ အနေများပေါ်မူတည်၍ တောင်ပေါ်ဒေသ လေယာဉ်ကွင်းများတွင် တပ်ဆင်အသုံးပြုသော DVOR၊ AWOS ၊ Precision Approach Path Indicator (PAP) ၊ Runway Lighting ၊ Rotation Beacon ၊ HF ၊ VHF ၊ စသည့် လေယာဉ်ကွင်းတစ်ကွင်း တွင် လိုအပ်သော Navigation Facilities များ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်ပအကူအညီနှင့် ပြည်ပချေးငွေတို့ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အသုံးစရိတ် ၁၄၁ ဒသမ ၁၁၂ဘီလီယံ တောင်းခံခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ လက်ရှိတည်ဆောက်နေသည့် ဖလမ်းလေ ဆိပ်သစ်နှင့် သံတွဲလေဆိပ်အဆင့်မြှင့်တင် ရေးလုပ်ငန်းများအား ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကုန်းလမ်းပို့ဆောင်ရေးတစ်ခုတည်း ကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဖလမ်း (ဆူရ်ဘူန်) လေယာဉ်ကွင်းသစ်အား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။















