MNL စတင်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မကွေးအသင်း ဖျက်သိမ်း

MNL စတင်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မကွေးအသင်း ဖျက်သိမ်း
Photo: MNL
Photo: MNL
Published 12 October 2020

MNL ပြိုင်ပွဲစတင်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မကွေးအသင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အသင်းအုပ်ချုပ်သူ ဦးကြည်လွင်က အတည်ပြုပြောကြားခဲ့သည်။

မကွေးအသင်းသည် အသင်းသက်တမ်း ဆယ်စုနှစ်တစ်ခုကျော်အကြာတွင်  ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဖျက်သိမ်းခဲ့သည့် တတိယမြောက် MNL ကလပ်အသင်းဖြစ်လာသည်။

မကွေးအသင်းသည် ၂၀၂၀ MNL ပြိုင်ပွဲအပြီး (၁၁) ရက်အကြာတွင် အသင်းဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''အသင်း ဖျက်သိမ်းလိုက်ပြီဆိုတာ ဟုတ်ပါတယ်။ ၂၀၂၁ ပြိုင်ပွဲမှာ မယှဉ်ပြိုင်တော့ပါဘူး။ အသင်းဖျက်သိမ်းတာ ကိုဗစ်ကပ်ရောဂါက အဓိကဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းထားရတယ်။ ဘောလုံးအသင်းတင် မဟုတ်ဘူး။ အသင်းပိုင်ရှင်မှာ ဝန်ထမ်းအင်အားများပါတယ်။ သူ့ကိုလည်း စာနာပါတယ်။ အသင်းပိုင်ရှင်က တကယ်ကောင်းပါတယ်''ဟု ဦးကြည်လွင်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

မကွေးအသင်းသည် အသင်းစတင်တည်ထောင်ချိန်ကတည်းက  ထိပ်တန်းအဆင့်ရှိခဲ့သည့်အသင်းဖြစ်ပြီး လက်ရွေးစင်အဆင့်ကစားသမားများစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။

အသင်းသမိုင်းတစ်လျှောက် ၂၀၁၆ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ချန်ပီယံဆု ရရှိခဲ့သည်။

ကိုဗစ်ကြောင့် ပြိုင်ပွဲရပ်နားခဲ့သည့်ကာလတွင် ချင်းယူနိုက်တက်နှင့် ဇွဲကပင်အသင်းတို့ နုတ်ထွက်ခဲ့ပြီး ယခု မကွေးအသင်း ထပ်မံနုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ရာသီ MNL ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင် (၁၂) သင်းတွင် ကိုးသင်းသာ ကျန်ရှိတော့သည်။

MNL ကလပ်အသင်းအချို့မှာလည်း ဆက်လက်ရပ်တည်နိုင်ရန် ငွေကြေးအခက်အခဲများရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

MNL ပြိုင်ပွဲသမိုင်းတွင် ဖျက်သိမ်းခဲ့သည့် ကလပ်အသင်းများစွာရှိခဲ့သော်လည်း ယခုကဲ့သို့ ပြိုင်ပွဲကာလအတွင်း နှစ်သင်း၊ ပြိုင်ပွဲပြီးဆုံးချိန်တွင် တစ်သင်း၊ စုစုပေါင်း သုံးသင်း ဖျက်သိမ်းခြင်းမှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent