ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကြောင့် တိုက်ပွဲရှောင်သူဦးရေ ၃၀၀၀ ခန့်ထိရှိလာပြီး ကျောက်မဲမြို့အနီးတွင်လည်း လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် နေအိမ်အချို့ပျက်စီး

ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကြောင့် တိုက်ပွဲရှောင်သူဦးရေ ၃၀၀၀ ခန့်ထိရှိလာပြီး ကျောက်မဲမြို့အနီးတွင်လည်း လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် နေအိမ်အချို့ပျက်စီး
တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများမှ ဒေသခံအများအပြား ပုံဝိုးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများသို့ ရောက်ရှိခိုလှုံနေစဉ်
တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများမှ ဒေသခံအများအပြား ပုံဝိုးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများသို့ ရောက်ရှိခိုလှုံနေစဉ်
Published 13 October 2020
ထွန်းနေလှိုင်(နောင်ပိန်)

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့အနီးတွင် အောက်တိုဘာ ၉ ရက် ည ၈ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့အနီးရှိ ကျွဲကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ကာ ဂိုထောင်တစ်လုံး ပျက်စီးခဲ့ရပြီး အသက် (၂၅)  နှစ်အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ လက်နက်ကြီးကျတာက အိမ်တချို့ ထိမှန်ပျက်စီးသွားတယ်။ အမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ပြီး စိုးရိမ်စရာ မလိုလောက်တဲ့ ဒဏ်ရာရတယ်။ ပထမတော့ လက်နက်ငယ်သံတွေကြားရတယ်။ နောက်တော့ လက်နက်ကြီးသံတွေကြားရတယ်။ ဒါနဲ့သူတို့လည်း ထွက်မကြည့်ရဲဘူးလို့ ပြောတယ်။ တော်တော်ကြာငြိမ်သွားပြီးမှ လက်နက်ကြီးတွေကျတာတဲ့။ အဲဒီရွာထဲက လူတွေလည်း အိမ်ထဲမှာပဲ ဝပ်နေကြတာ” ဟု ကျောက်မဲမြို့နေသူ ဒေသခံတစ်ဦးက ပြောကြားသည်။

အောက်တိုဘာ ၃ ရက်မှ စတင်ကာ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ ကျောက်မဲမြို့နယ်အတွင်း နေ့စဉ်နီးပါးထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲရှောင်သူဦးရေမှာ အောက်တိုဘာ ၉ ရက် နောက်ဆုံးရရှိသော သတင်းအချက်အလက်များအရ တိုက်ပွဲ ရှောင်သူဦးရေ ၃၀၀၀ နီးပါးထိရှိလာပြီဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲရှောင်တွေအတွက် ကျန်းမာရေးလိုအပ်ချက်တွေ လိုအပ်နေတယ်။ သူတို့မှာ ဘုန်းကြီးကျောင်းမှာ ဖြစ်သလိုနေနေကြရတယ်။ တကယ်လို့များ တစ်ယောက်လောက်တာ ကိုဗစ်ဖြစ်ခဲ့ရင် မတွေးဝံ့စရာပါပဲ။ ကျွန်တော်တို့က NGO ၊ INGO အဖွဲ့တွေနဲ့ တိုက်ပွဲရှောင်တွေရှိတဲ့နေရာတွေ သွားပြီး ငွေသွားထောက်ပံ့တာပါ။ ကျွန်တော်တို့ လေးနေရာပဲသွားနိုင်ခဲ့တယ်။ ၁၀ သိန်း နှစ်နေရာနဲ့ ရှစ်သိန်းနှစ်နေရာ လှူခဲ့ပါတယ်။ Mask တွေ Hand Gel တွေနဲ့ ဆပ်ပြာတွေလည်း လှူခဲ့ပါတယ်’’ ဟု ရှမ်းလူငယ်များအဖွဲ့ (လားရှိုး) မှ ကိုစိုင်းဟန်က ပြောကြားသည်။

“ မနေ့ကတော့ နားအော်၊ နားချန်ဘက်မှာ တပ်တွေဝင်သွားတော့ အဲဒီဘက်က ရွာသားတွေက ဟဲကွီကိုပြေးလာကြတယ်။ ဟဲကွီမှာတော့ တိုက်ပွဲရှောင်တွေ ၄၀၀ ကျော်လောက် ထပ်ရောက်လာတယ်။ အဓိကတော့ သူတို့အတွက် ရေရှည်အထားခံမယ့် စားသောက်ကုန်တွေလိုတယ်။ နောက်ပြီး လက်ဆေးဆပ်ပြာတွေ၊ လက်သန့်ဆေးရည်တွေ လိုတယ်။ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေလိုတယ်” ဟု နောင်ပိန်ကျေးရွာ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ကိုနေအောင်က ပြောကြားသည်။

အောက်တိုဘာ ၉ ရက် ညနေပိုင်းထိ တိုက်ပွဲရှောင်သူဦးရေမှာ ပုံဝိုးကျေးရွာတွင် ၇၁၈ ဦး၊ တောင်ထိပ်ကျေးရွာတွင် ၆၄၃ ဦး၊ နောင်ကွမ်ကျောင်းတွင် ၈၃ ဦး၊ ကောင်းလန်း ရွာတွင် ၂၄၀ ဦး၊ နားဆောင်းရွာတွင် ၁၅၀၊ ကွမ်ဟင်ကျောင်းတွင် ၄၄၆ ဦး၊ နမ့်ဟန်ခိတ်ကျေးရွာတွင် ၁၀၀ နှင့် ဟဲကွီကျေးရွာတွင် ၄၀၀ ဝန်းကျင်ခန့်ထိ ရှိလာကြောင်း သိရသည်။

Most Read

Most Recent