ဦးအယ်လ်ဖောင်းရှိုအား ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးခဲ့သည်ဟုဆိုကာကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုချက်ဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလွိုင်ကော်ရဲစခန်းတွင် တိုင်တန်းခဲ့ပြီး အမှုမဖွင့်ပေးသေးဟုဆို

ဦးအယ်လ်ဖောင်းရှိုအား ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးခဲ့သည်ဟုဆိုကာကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုချက်ဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလွိုင်ကော်ရဲစခန်းတွင် တိုင်တန်းခဲ့ပြီး အမှုမဖွင့်ပေးသေးဟုဆို
Published 12 October 2020
ကျော်ဇင်ဝင်း၊ မခိုင်

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးခဲ့သည်ဟုဆိုကာ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌခွင့်ပြုချက်ဖြင့် ဖရူဆိုမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အောက်တိုဘာ ၁၀ ရက်တွင် လွိုင်ကော်ရဲစခန်း၌ တိုင်တန်းခဲ့ပြီးအမှုမဖွင့်ပေးသေးကြောင်း တရားလို၏ ပြောကြားချက်အရသိရသည်။

ဦးအယ်လ်ဖောင်းရှိုကို စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ပေးရန် စက်တင်ဘာ ၈ ရက်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ခူးသဲရယ်က အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သော် လည်း ကောင်မရှင်၏ စက်တင်ဘာ ၃၀ ရက် အကြောင်းပြန်ကြားစာတွင် ယခုတိုင်ကြား မှုသည် ယခင်အခြားသူတစ်ဦးတိုင်ကြားခဲ့ သည့်ကိစ္စဖြစ်ကြောင်း၊ ထိုစဉ်ကကော်မရှင် အနေဖြင့် ဆုံးဖြတ်ထားရာတွင် တိုင်ကြားမှု သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး

ဥပဒေ စတုတ္ထအကြိမ်ပြင်ဆင်ပြဋ္ဌာန်းခြင်း မပြုမီကကိစ္စများဖြစ်ခြင်းကြောင့် ကော်မရှင် အနေဖြင့်အရေးယူဆောင်ရွက်ပေး၍မရ ကြောင်းနှင့် သက်ဆိုင်ရာဌာနမှ တည်ဆဲ ဥပဒေနှင့်အညီဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်းကို အကြောင်းပြန်ပြီးဖြစ်ကြောင်း၊ ယခုတိုင်တန်းမှုသည် ယခင်တိုင်တန်းမှုနှင့်အကြောင်းအရာတူဖြစ်နေခြင်း၊ သက်သေခံ ချက်အသစ်မရှိခြင်းတို့ကြောင့် ကော်မရှင် အနေဖြင့် စုံစမ်းစစ်ဆေးခွင့်မရှိကြောင်း ဖော်ပြခဲ့သည်။

ထိုသို့ကော်မရှင်၏ အကြောင်းပြန်ကြားစာအရ တည်ဆဲဥပဒေနှင့်သာဆောင်ရွက်ရန် မှတ်ချက်ရှိသဖြင့် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား တည်ဆဲဥပဒေနှင့်အညီဆက်လက်အရေးယူဆောင်ရွက်ခွင့် ပြုရန် ကယားပြည်နယ်လွှတ်တာ်ဥက္ကဋ္ဌ တင်ပြခဲ့ရာကန့်ကွက်ရန်မရှိကြောင်းနှင့် ဆက် လက်ဆောင်ရွက်ရန်ခွင့်ပြုသဖြင့် ယခုကဲ့သို့ အမှုဖွင့်လှစ်ပေးရန် တိုင်တန်းခြင်းဖြစ်ကြောင်း ဦးသဲရယ်က ပြောကြားသည်။

“အမှုဖွင့်ရတဲ့အကြောင်းရင်းကတော့ ခုန ကျွန်တော်ပြောတဲ့အတိုင်းပေါ့။ အဂတိ ကော်မရှင်ကနေပြန်လာတဲ့စာအရ ဖွင့်ရတာဖြစ်တယ်။ နောက်တစ်ခုက အဓိက ကတော့ ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးစားတဲ့ အပေါ်မှာလည်း ဒါဥပဒေအရအရေးယူသင့်တာပေါ့လေ။ ကော်မရှင်ကလည်းဘာမှ မဆောင်ရွက်တဲ့အခါကျတော့ ပြန်ပြီးမှညွှန်းလာတဲ့အခါကျတော့ ကျွန်တော်တို့ ဆိုင်ရာ လွှတ်တော်အနေနဲ့ပဲ ဆောင်ရွက်တာဖြစ်ပါ တယ်။ ကျွန်တော့်ပါတီနဲ့ လုံးဝမဆိုင်ပါဘူး ပေါ့နော်”ဟု ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးသဲရယ်က အောက်တိုဘာ ၁၂ ရက် တွင်သတင်းထောက်များကို ပြောကြားသည်။

လွိုင်ကော်မြို့မရဲစခန်းတွင် အောက်တို ဘာ ၁၀ ရက်က တိုင်ကြားသော်လည်း မည်သို့ အရေးယူ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း၊ ရဲလက်စွဲအပိုဒ် ၁၄၁၄ တွင် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများ  အား နှောင့်နှေးခြင်းမရှိ တိုင်ချက်ဖွင့်ရေး သားရန်နှင့် မည်သည့်သတင်းပေးမှုကိုမဆို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၅၄ အရချက်ချင်း တိုင်ချက်ဖွင့် ရေးသားရမည်ဟုပါရှိသော် လည်းမှတ်တမ်းစာအုပ်တွင် ရေးမှတ်ခြင်း မရှိသဖြင့် အခြေအနေအားသိလိုကြောင်း ဦးသဲရယ်က အောက်တိုဘာ ၁၂ ရက်တွင် ရဲစခန်းသို့ စာထပ်မံပေးပို့ခဲ့သည်။

“ဥပဒေကြောင်းအရပဲ ကျွန်တော် ဆက်လုပ်သွားမှာပါ။ တကယ်လို့ စခန်းမှူး ကနေပြီးမှဆက်မဖွင့်ပေးဘူးဆိုတဲ့ ဟာဖြစ် ရင်တော့ နောက်တစ်ပိုင်းပေါ့။ ဆက်ပြီး ဥပဒေနဲ့ပဲသွားမှာပါ ။ ဒါက ကွျွန်တော်က ဥပဒေပညာရှင်မဟုတ်တဲ့အခါကျတော့  လိုအပ်တဲ့ ဥပဒေအကြံ ဉာဏ်ကတော့ ပညာ ရှင်နဲ့ တိုင်ပင်သွားမှာပါ” ဟု ဦးသဲရယ်က ပြောကြားသည် ။

ကယားပြည်နယ်လွှတ်တော်၏ တာဝန် ပေးချက်အရ ပြည်နယ်စာရင်းစစ်ချုပ်ရုံးက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကယား ပြည် နယ်အစိုးရအဖွဲ့၏ စက်ယန္တရားဝယ်ယူမှု၊ ငှားရမ်းခများရရှိမှုနှင့်အခြားရငွေ ခေါင်းစဉ် များမှရရှိငွေများ ပြန်လည်အသုံးပြုမှုများ အပေါ် ၂၀၁၈ ခုနှစ်တွင် စစ်ဆေးခဲ့သည်။

ထို့သို့ ပြည်နယ်စာရင်းစစ်ချုပ်အစီရင် ခံစာဖော်ပြချက်အရအသုံးစရိတ်များတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် NLD  ပါတီ ပုံမှန်အစည်းအဝေး (ရန်ကုန်)ခေါင်းစဉ်ဖြင့် ကျပ် ၁၀ သိန်း၊ ပြည် နယ်ခန်းမ၌ပြုလုပ်သည့် အစိုးရ၊ လွှတ်တော်၊ ပါတီ အစည်းအဝေးကုန် ကျစရိတ် ကျပ်ငါးသိန်းကျော်၊ NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နှင့်အဖွဲ့အား ဧည့်ခံကျွေးမွေးစရိတ်ကျပ်သုံးသိန်းနှင့် လက်ဆောင်ပစ္စည်းပေးအပ်ခြင်းခေါင်းစဉ် ဖြင့် ၃၅၀၀၀၊ ဦးဝင်းထိန် သမီးမင်္ဂလာဆောင် လက်ဖွဲ့ငွေကျပ်နှစ်သိန်း အပါအဝင် အခြား လူမှုရေးဆိုင်ရာ ထောက်ပံ့ထားမှုများပါဝင် ခဲ့ပြီးအသုံးစာရိတ် ပြေစာအထောက်အထား အများစုမှာလည်း ငွေရငွေပေးလက်မှတ်ထိုး ပြေစာများဖြစ်နေကြောင်းဖော်ပြခဲ့သည်။

အထက်ပါပြည်နယ်စာရင်းစစ်ချုပ်၏အစီရင်ခံစာအရ ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများကိုစစ်ဆေးပေးရန် ပထမ အကြိမ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့် မောင်ကအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်က အရေးယူခြင်းမရှိနိုင်သည့်အခြေအနေ နောက်တွင် ကယားပြည်နယ်လွှတ်တော်၌ ဦးအယ်လ်ဖောင်းရှိုသည် စက်ယန္တရားများ ငှားရမ်းခရငွေများကိုသီးခြားရန်ပုံငွေတွင် ထားရှိအသုံးပြုခဲ့ခြင်းမှာ လွှတ်တော်က ၂၀၁၈ ခုနှစ်တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ် သော်လည်း ထိုစဉ်ကဘဏ္ဍာငွေများအသုံး ပြုခဲ့မှုသည် ဥပဒေနှင့်မညီ သုံးစွဲခဲ့ခြင်း၊ ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့်ရေလွှာ လျှောစီးလုပ်ငန်းစီမံကိန်းအား ဖယ်ရှားရန် လွှတ်တော်၌ အဆိုအောင်မြင်ခဲ့့သော်လည်း အဆိုပါမြေနေရာကိုစည်ပင်ပိုင်မြေနေရာအဖြစ်ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ ပန်းခြံနှင့်ဆိုင်ခန်းများ တည်ဆောက်နေခြင်း စသည့်ဖြင့် စွပ်စွဲ ပြစ်တင်ကာ ရာထူးတာဝန်မှ ဖြုတ်ချခဲ့သည်။ ထို့နောက် ဦးသဲရယ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ထပ်မံတိုင်ကြား ခဲ့ခြင်းဖြစ်သည်။       

 

 

Most Read

Most Recent