ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများ ရှိနေသော်လည်း မီလန်ဒါဘီ ပုံမှန်အတိုင်းကျင်းပမည့်အပေါ် နာပိုလီ ဝေဖန်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများ ရှိနေသော်လည်း မီလန်ဒါဘီ ပုံမှန်အတိုင်းကျင်းပမည့်အပေါ် နာပိုလီ ဝေဖန်
Photo: Sky Sports
Photo: Sky Sports
Published 12 October 2020

အေစီမီလန်နှင့် အင်တာမီလန်အသင်းမှ  ကစားသမားအချို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း မီလန်ဒါဘီပွဲစဉ်ကို ပုံမှန်အတိုင်း ကျင်းပသွားမည့်အပေါ် နာပိုလီအသင်းဘက်က ဝေဖန်နေသည်။

လက်ရှိအချိန်တွင် အင်တာမီလန်အသင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၅) ဦး၊ အေစီမီလန်အသင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံထားရသူ (၂)ဦးရှိနေသော်လည်း မီလန်မြို့ဒေသအာဏာပိုင်များက မီလန်ဒါဘီပွဲကို မူလအတိုင်း လာမည့်စနေနေ့တွင် ကျင်းပသွားရန်ခွင့်ပြုထားသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ နာပိုလီအသင်းသည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် ဂျူဗင်တပ်စ်အသင်းနှင့် ကစားမည့် စီးရီးအေအဝေးကွင်းပွဲစဉ်ကို သွားရောက်ကစားခွင့်မရခဲ့ဘဲ တားမြစ်ခံခဲ့ရသည်။

နာပိုလီအသင်းသည် ဂျူဗင်တပ်စ်အသင်းနှင့်ပွဲမတိုင်မီ ဂျီနိုအာအသင်းနှင့် ကစားခဲ့ပြီး ဂျီနိုအာအသင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများအပြားရှိခဲ့သဖြင့် နေပယ်မြို့အာဏာပိုင်များက တူရင်မြို့သို့ သွားရောက်၍ ဂျူဗင်တပ်စ်အသင်းနှင့် ပွဲမကစားရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်အထိ နာပိုလီအသင်းသည် Quarantine ဝင်နေရပြီး ဆေးစစ်ဆေးမှုများလည်း တင်းကျပ်စွာဆောင်ရွက်နေရသည်။

နာပိုလီအသင်းသားများသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ Swab ရယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ရ ပြီး  ကစားသမားအားလုံး၏ အဖြေသည် Negative  ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံနည်းစနစ်ဆိုင်ရာသိပ္ပံကော်မတီ (CTS) က ''ကျန်းမာရေးဝန်ကြီးဌာနနဲ့ အီတလီဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်း အင်တာမီလန်နဲ့ အေစီမီလန်အသင်းတွေ လိုက်နာ နေပါတယ်။ ပိုးတွေ့ရှိသူတွေက သီးခြားနေထိုင်နေပြီး ပိုးမရှိသူကစားသမားတွေကလည်း  Swab တွေ ရယူထားပါတယ်။ ပိုးမရှိသူကစားသမားတွေကိုပဲ ကွင်းထဲဝင်ခွင့်ပြုသွားမှာဖြစ်ပြီး ပွဲကစားခွင့်ပြုသွားမှာပါ။ ပွဲကစားပြီးရင် ကစားသမားတွေက Quarantine ပြန်ဝင်ရပါမယ်။ ကလပ်အသင်းတွေဘက်က စည်းမျဉ်းတွေလိုက်နာမယ်ဆိုရင် ကျွန်တော်တို့ဘက်က ပွဲဖျက်စရာမရှိပါဘူး။ ပိုးတွေ့တဲ့ကစားသမားနဲ့ ထိတွေ့မှုရှိခဲ့ပေမယ့် ပိုးမရှိဘူးဆိုရင် အဲဒီကစားသမားဟာ လေ့ကျင့်ခန်းဆင်းခွင့်နဲ့ ပွဲကစားခွင့်ရရှိပါမယ်''ဟု ပြောကြားခဲ့သည်။

နာပိုလီအသင်းသည် ဇီလင်စကီးနှင့် အဲမက်စ်တို့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသဖြင့် ဂျူဗင်တပ်စ်နှင့်ပွဲကို ကစားခွင့်ပိတ်ပင်ခံရခြင်းဖြစ်သည်။

Most Read

Most Recent