ယူရို-၂၀၂၀ Play-offs ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၀ Play-offs ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Published 8 October 2020

Euro-2020 ရဲ့ Play-offs အဆင့်ပွဲစဉ်တွေကို ဒီတစ်ပတ်ကြားရက်တွေမှာ ကစားသွားမှာဖြစ် ပြီး စုစုပေါင်းအသင်း (၁၆)သင်းကနေ ယူရိုခြေစစ်ပွဲအောင် (၄) သင်းထွက်လာမှာပါ။ Path A,B,C,D  ခွဲထားပြီး၊ တစ်ခုစီမှာ (၄)သင်းပါတယ်။ ဒီ(၄)သင်းက ဆီမီးဖိုင်နယ်ပွဲစဉ်တွေကစားပြီး နိုင်တဲ့အသင်းတွေက ဗိုလ်လုပွဲဆက်ကစားပါမယ်။ တစ်ကျော့တည်းကစားမှာဖြစ်လို့ အိမ်ရှင်အဖြစ် အရွေးခံရတဲ့အသင်းတွေက အားသာချက်ရှိတာကိုလည်း တွေ့ရပါတယ်။ 

အိုက်စလန် နှင့် ရိုမေးနီးယား (သောကြာနံနက် ၁း၁၅ နာရီ)

တစ်ချိန်က အဆင့်အရမ်းကွာခဲ့တဲ့ပြိုင်ဘက်တွေဆိုပေမယ့် အခုအချိန်မှာတော့ အိုက်စလန်က ပိုကောင်းပါတယ်။ ဒါပေမဲ့ နောက်ဆုံးနှစ်ပွဲမှာ မြောက်အိုင်ယာလန်ကို သရေကစားပြီး သြစတြီးယားကို အဝေးကွင်းမှာနိုင်ခဲ့တဲ့ ရိုမေးနီးယားရဲ့ခြေစွမ်းက လျှော့တွက်လို့မရဘူး။ တစ်ကျော့တည်းကစားပြီး၊ အိုက်စလန်မြေမှာကစားမှာဖြစ်လို့ အိုက်စလန်ပိုအားသာပါတယ်။

ဘူလ်ဂေးရီးယားနှင့် ဟန်ဂေရီ (သောကြာနံနက် ၁း၁၅ နာရီ)

ဒီပွဲမှာ နိုင်တဲ့အသင်းက အိုက်စလန်-ရိုမေးနီးယားပွဲက နိုင်တဲ့အသင်းနဲ့ Play-offs ဗိုလ်လုပွဲကစားမှာဖြစ်ပြီး ဗိုလ်စွဲရင် ယူရိုခြေစစ်ပွဲအောင်ပါပြီ။ ရုရှားကို (၃)ဂိုးပေးပြီးမှ (၂)ဂိုး ပြန်သွင်းတာ၊ တူရကီကို အဝေးကွင်းမှာ အနိုင်ပြန်ကစားခဲ့တာတွေကို ကြည့်ရင် ဟန်ဂေရီက မာကျောပြီး၊ စိတ်ဓာတ်ကောင်းတာသိသာပါတယ်။ ဟန်ဂေရီကိုကြိုက်တယ်။ 

ဘော့စနီးယားနှင့် မြောက်အိုင်ယာလန် (သောကြာနံနက် ၁း၁၅ နာရီ)

မြောက်အိုင်ယာလန်က ခြေမငြိမ်ဘူး။ အသင်းကောင်းတွေကို နိုင်ခဲ့ပေမယ့် ဂျာမနီ၊ နော်ဝေတို့နဲ့ ပွဲတွေမှာ ဂိုးပြတ်ရှုံးခဲ့တာကိုတွေ့ရတယ်။ နှစ်သင်းစလုံးက ကစားသမားအင်အား တောင့်တင်းပြီး ခြေစွမ်းလည်းကောင်းပါတယ်။ ဒါပေမဲ့ စိတ်မချရတဲ့အသင်းတွေလည်းဖြစ်နေတယ်။ ဒါပေမဲ့ ပွဲအဖြေပြောင်းနိုင်သူတွေပါတဲ့ ဘော့စနီးယားကို ပိုကြိုက်တယ်။ 

ဆလိုဗက်ကီးယားနှင့် အိုင်ယာလန် (သောကြာနံနက် ၁း၁၅ နာရီ)

ဆလိုဗက်ကီးယားက အသင်းကောင်းတစ်သင်းဖြစ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်းရော၊ ခြေစွမ်းပိုင်းပါ အားရစရာမရှိဘူး။ အိုင်ယာလန်ရဲ့လက်ရှိလူအင်အားက အားရစရာကောင်းပြီး ရလဒ်ပိုင်းလည်း မဆိုးပါဘူး။ လက်ရှိအနေအထားအရတော့ ဆလိုဗက်ကီးယားကွင်းဆိုပေမယ့် အိုင်ယာလန်ကို ပိုကြိုက်တယ်။ 

စကော့တလန် နှင့် အစ္စရေး (သောကြာနံနက် ၁း၁၅ နာရီ)

ရောဘတ်ဆန်၊ တီယာနေး၊ လီယမ်ကူးပါးတို့ ဦးဆောင်လာမယ့် စကော့တလန်က အစ္စရေးထက် လူအင်အားပိုတောင့်သလို ခြေစွမ်းလည်းသာတယ်။ သိပ်မကြာသေးခင်ကပဲ ဒီနှစ်သင်း ဂလပ်စကိုမှာ ကစားခဲ့တုန်းကတော့ စကော့တလန်ကွင်းမှာ အစ္စရေးက သရေကစားနိုင်ခဲ့တယ်။ ဒီတစ်ကြိမ်တော့ Play-offs ဗိုလ်လုပွဲကို စကော့တလန်တက်ပါလိမ့်မယ်။ 

နော်ေ၀ နှင့် ဆားဘီးယား (သောကြာနံနက် ၁း၁၅ နာရီ)

နော်ဝေက တိုက်စစ်ကြယ်ပွင့်တွေနဲ့အတူ အကောင်းဆုံး အချိန်တွေပြန်ရောက်လာတယ်။ ဟော်လန်း၊ ဆော်လော့သ်၊ ဂျို ရှူအာကင်းတို့ရဲ့တိုက်စစ်ပိုင်းနဲ့ အော်ဒီဂွါရှိနေတဲ့ ကွင်းလယ်က အားကောင်းပါတယ်။ ဆားဘီးယားက ကစားသမားကောင်း တွေအမြဲရှိခဲ့ပေမယ့် အမြဲတမ်း ခြေမငြိမ်တတ်တဲ့အသင်းမျိုး ဖြစ်ပြီး ဒီပွဲလည်း နော်ဝေကို ကြိုက်တယ်။ 

ဂျော်ဂျီယာ နှင့် ဘီလာရုစ် (ကြာသပတေးည ၁၀း၃၀ နာရီ)

ဂျော်ဂျီယာရဲ့နောက်ပိုင်းပွဲရလဒ်တွေက မဆိုးပါဘူး။ ဆွစ်ဇာလန်၊ ခရိုအေးရှားတို့လိုအသင်းတွေကို အဝေးကွင်းမှာ အကြိတ်အနယ်ကစားနိုင်ခဲ့တယ်။ ဘီလာရုစ်ကလည်း နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေကောင်းတယ်။ ဒါပေမဲ့ အယ်လ်ဘေးနီးယားကို အိမ်ကွင်းမှာ ရှုံးခဲ့တယ်။ ဒီနှစ်သင်းက ခြေစွမ်းညီတဲ့အသင်းတွေဖြစ်ပြီး မိနစ် (၉၀)သရေကျဖို့များတယ်။ 

မက်ဆီဒိုးနီးယား နှင့် ကိုဆိုဗို (သောကြာနံနက် ၁း၁၅ နာရီ)

အချိန်တိုအတွင်းမှာ ကိုဆိုဗိုက တော်တော်လေး ခရီးပေါက်လာတာတွေ့ရတယ်။ ဒါပေမဲ့ မက်ဆီဒိုးနီးယားက ကိုဆိုဗိုထက် ပိုမာကျောတဲ့အသင်းကောင်းတစ်သင်းပါ။ ပန်ဒက်ဗ် ဦးဆောင်ပြီး ကစားသမားကောင်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ကစားရမှာကလည်း မက်ဆီဒိုးနီးယားကွင်းဖြစ်နေလို့ မက်ဆီဒိုးနီးယားပဲကြိုက်တယ်။ 

Most Read

Most Recent