မန်ယူအသင်းနှင့် အပြောင်းအရွှေ့သတင်းထွက်နေသည့် ဆန်ချို၊ ဒမ်ဘီလီတို့၏အပြောင်းအရွှေ့ကို သက်ဆိုင်ရာကလပ်တာဝန်ရှိသူများ ငြင်းဆန်ပယ်ချ

မန်ယူအသင်းနှင့် အပြောင်းအရွှေ့သတင်းထွက်နေသည့် ဆန်ချို၊ ဒမ်ဘီလီတို့၏အပြောင်းအရွှေ့ကို သက်ဆိုင်ရာကလပ်တာဝန်ရှိသူများ ငြင်းဆန်ပယ်ချ
Photos : Getty Images
Photos : Getty Images
Published 4 October 2020

မန်ယူအသင်းနှင့် အပြောင်းအရွှေ့ သတင်းထွက်ပေါ်နေသည့် ဒေါ့မွန်အသင်းတောင်ပံကစားသမား ဆန်ချိုနှင့် ဘာစီလိုနာအသင်း တောင်ပံကစားသမား ဒမ်ဘီလီတို့၏ အပြောင်းအရွှေ့ကို သက်ဆိုင်ရာကလပ် တာဝန်ရှိသူများက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် ပြောင်းရွှေ့ကြေး မြင့်မားသဖြင့် လက်လျှော့ထားရသည့် အင်္ဂလန်လူငယ်ကြယ်ပွင့် ဆန်ချိုကို ပြန်လည် ကြိုးပမ်းနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသလို ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရသည့် ပြင်သစ်လူငယ်ကစားသမား ဒမ်ဘီလီကိုလည်း အငှားဖြင့်ခေါ်ယူရန် ကြိုးပမ်းနေသည်။ 

သို့သော် ဒေါ့မွန်အသင်း အားကစားဒါရိုက်တာ မီချယ်ဇော့က အပြောင်းအရွှေ့ကာလမပိတ်ခင် ရက်ပိုင်းအလိုတွင် အပြောင်းအလဲရှိနိုင်မည်မဟုတ်ကြောင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။ "မန်ချက်စတာယူနိုက်တက်နဲ့ ကျွန်တော်တို့ ဆက်သွယ်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာရှိတာအားလုံးကို ကျွန်တော်တို့ ပြောပြီးပါပြီ။ လာမယ့်သုံးရက်အတွင်း ဘာမှအပြောင်းအလဲရှိမှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ဆန်ချိုကို ငါးနှစ် စာချုပ်ဖြင့်ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားကြောင်း သြဂုတ်လအတွင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သော်လည်း ဒေါ့မွန်အသင်း တောင်းဆိုထားသည့် ပြောင်း ရွှေ့ကြေး ယူရိုသန်း ၁၂၀ ကို ပေးချေလိုခြင်း မရှိသဖြင့် အပြီးသတ်သဘောတူညီမှုမရခြင်းဖြစ်သည်။ ပြီးခဲ့သည့်အင်္ဂါနေ့တွင် မန်ယူ အသင်းက ယူရိုသန်း ၁၀၀ ဖြင့် ထပ်မံကမ်းလှမ်းသော်လည်း ဒေါ့မွန်အသင်းက ပယ်ချခဲ့ ကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။ 

ထို့ပြင် ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ပလာနက်စ်ကလည်း ဒမ်ဘီလီ၏ အပြောင်းအရွှေ့အတွက် မန်ယူအသင်းနှင့် ဆွေးနွေးနေခြင်းမရှိကြောင်း အတည်ပြုပြောကြားသည်။    "မန်ချက်စတာယူနိုက်တက်နဲ့ ဆွေးနွေးနေတာ မရှိပါဘူး။ ဒမ်ဘီလီက ကျွန်တော်တို့အသင်းအတွက် ကစားနေတဲ့ ကစားသမားတစ်ဦးပါ" ဟု ပလာနက်စ်က ပြောကြားခဲ့သည်။

 

 

Most Read

Most Recent