စပါး-နယူးကာဆယ်ပွဲမှ လက်ထိဘောအတွက် ဝေဖန်မှုများစွာထွက်ပေါ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ဆွန်ဟောင်မင် အသင်း၏ပွဲစဉ်(၃)ပွဲခန့်ကို လွဲချော်ဖွယ်ရှိ

စပါး-နယူးကာဆယ်ပွဲမှ လက်ထိဘောအတွက် ဝေဖန်မှုများစွာထွက်ပေါ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ဆွန်ဟောင်မင် အသင်း၏ပွဲစဉ်(၃)ပွဲခန့်ကို လွဲချော်ဖွယ်ရှိ
Published 29 September 2020

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် စပါး-နယူးကာဆယ်ပွဲတွင် ပွဲပြီးခါနီး နာကျင်အချိန်ပိုငါးမိနစ်၌ စပါးအသင်းနောက်ခံလူ ဒိုင်ယာ၏ လက်ထိဘောအတွက် ပယ်နယ်တီသတ်မှတ်ခဲ့ခြင်းအပေါ် ဝေဖန်မှုများစွာထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

ယင်းပွဲတွင် စပါးအသင်းက (၁-၀)ဂိုးဖြင့် ဦးဆောင်ကစားနေစဉ် နာကျင်အချိန်ပို၌ နယူးကာဆယ်တိုက်စစ်မှူး ကာရိုးလ် ခေါင်းတိုက်လိုက်သည့်ဘောလုံးမှာ ဒိုင်ယာ၏လက်နှင့် ထိသွားခြင်းဖြစ်သည်။ 

VAR က ယင်းဖြစ်ရပ်အတွက် စစ်ဆေးခဲ့ပြီး ကွင်းလယ်ဒိုင် ဘန်ကက်စ်ကလည်း ကွင်းဘေးရှိ မော်နီတာကို ပြန်လည်ကြည့်ရှုပြီးနောက် ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့သည်။

သို့သော် ရုပ်သံပြကွက်များအရ ဒိုင်ယာသည် ကာရိုးလ်ခေါင်း တိုက်စဉ် အနောက်ဘက်သို့လှည့်ကြည့်နေပြီး လက်ဖြင့်ထိစေရန် ရည်ရွယ်ချက်မရှိသော်လည်း ပယ်နယ်တီသတ်မှတ်ခဲ့သောကြောင့် ပြိုင်ဘက် နယူးကာဆယ်အသင်းနည်းပြ စတိဗ်ဘရုစ်အပါအဝင် ကျွမ်းကျင်သူများက ဝေဖန်  နေခြင်းဖြစ်သည်။ 

''VAR နဲ့ ဒီနှစ်ထဲမှာ ကြုံတွေ့နေရတဲ့ လက်ထိဘောဖြစ်ရပ်တွေအားလုံးက လုံးဝအဓိပ္ပာယ်မရှိပါဘူး။ ဒါတွေကို ကျွန်တော်တို့အားလုံး အတူတကွရင်ဆိုင်ပြီးတော့ ရပ်တန့်နိုင်စွမ်းရှိပါတယ်။ VAR က ကျွန်တော်တို့အတွက် ရှင်းလင်းသေချာတဲ့ အဖြေတွေယူလာပေးမယ်လို့ ထင်ထားတာပါ။ ဒီလိုဖြစ်ရပ်တွေက ရယ်စရာကောင်းသလို ပရီးမီးယားလိဂ်ကိုပါ ဖျက်ဆီးနေတာပါ။ ကျွန်တော်တို့ အလေးမထားဘူးဆိုရင် VAR နဲ့ VAR ဆုံးဖြတ်ချက်တွေအကြောင်းကို အားလုံးပြောနေကြရမှာပါ။ ကျွန်တော့်အတွက်တော့ အဲဒီလိုပြောနေရတာ မှန်ကန်တယ်လို့မထင်ပါဘူး''ဟု စတိဗ်ဘရုစ်က ဆိုသည်။

ထို့ပြင် Sky Sports သတင်းဌာနတွင် ရုပ်သံသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်အသင်းနောက်ခံလူဟောင်း ကာရေဂါအပါအဝင် နာမည်ကြီး ဘောလုံးဝေဖန်သူများစွာကလည်း လက်ထိဘောစည်းမျဉ်းကို အပြောင်းအလဲပြုလုပ်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ကြသည်။ 

စပါးအသင်းသည် နာကျင်အချိန်ပို ခုနစ်မိနစ်တွင် ပေးလိုက်ရသည့် ပယ်နယ်တီချေပဂိုးကြောင့် တစ်မှတ်သာရရှိခဲ့သလို ခြေစွမ်းပြကစားနေသည့် တိုက်စစ်ကစားသမား ဆွန်ဟောင်မှာလည်း ဒဏ်ရာကြောင့် ပထမပိုင်းအပြီးမှာပင် လူစား လဲခဲ့ရသည်။ 

ဆွန်ဟောင်မင်သည် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အချိန်ကာလတစ်ခုကြာသည်အထိ အနားယူရမည်ဖြစ်ကြောင်း နည်းပြမော်ရင်ဟိုက ပြောကြားသည်။ 

''သူက ကာလတစ်ခုလောက် ကစားနိုင်မှာ မဟုတ်ပါဘူး။ တံကောက်ကြောဒဏ်ရာပါ''ဟု ၎င်းက ဆိုသည်။

တံကောက်ကြောဒဏ်ရာမှာ နှစ်ပတ်ခန့် အနားယူရလေ့ရှိရာ ဆွန်ဟောင်မင်သည် ချယ်လ်ဆီးအသင်းနှင့်ကစားမည့် လိဂ်ဖလားပွဲအပြင် မက္ကာဘီဟိုင်ဖာနှင့် ယူရိုပါလိဂ်ခြေစစ်ပွဲ၊ မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်များကိုပါ လွဲချော်ဖွယ်ရှိနေသည်။

Most Read

Most Recent