COVID-19 လူနာများ လက်ခံကုသပေးလျက်ရှိသော ဧရာဝတီစင်တာကို ခုတင် ၇၇၀ ဆံ့ ကုသရေး စင်တာအဖြစ် တိုးချဲ့မည်ဖြစ်ပြီး သုဝဏ္ဏမြက်ခင်းတု အားကစားကွင်းရှိ စင်တာ (A) တွင် လူနာ ပြည့်လုနီးပါး ဖြစ်လာ

COVID-19 လူနာများ လက်ခံကုသပေးလျက်ရှိသော ဧရာဝတီစင်တာကို ခုတင် ၇၇၀ ဆံ့ ကုသရေး စင်တာအဖြစ် တိုးချဲ့မည်ဖြစ်ပြီး သုဝဏ္ဏမြက်ခင်းတု အားကစားကွင်းရှိ စင်တာ (A) တွင် လူနာ ပြည့်လုနီးပါး ဖြစ်လာ
သုဝဏ္ဏမြက်ခင်းတုအားကစားကွင်းရှိ ခုတင် ၄၂၅ ဆံ့ ဧရာဝတီစင်တာ (A) ကို တွေ့ရစဉ် (Photo : Ayeyarwady Centre)
သုဝဏ္ဏမြက်ခင်းတုအားကစားကွင်းရှိ ခုတင် ၄၂၅ ဆံ့ ဧရာဝတီစင်တာ (A) ကို တွေ့ရစဉ် (Photo : Ayeyarwady Centre)
Published 24 September 2020
ကြည်နိုင်

COVID-19 လူနာများကို လက်ခံကုသပေးလျက်ရှိသော ဧရာဝတီစင်တာကို စင်တာ (A)၊ (B)၊ (C) အဖြစ် တိုးချဲ့ဆောက်လုပ် သွားမည်ဖြစ်ပြီး စုစုပေါင်း ခုတင် ၇၇၀ ဆံ့ ကုသရေးစင်တာအဖြစ် ဧရာဝတီ ဖောင်ဒေးရှင်းက ဦးစီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (ဒုတိယဥက္ကဋ္ဌ) ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ကော်မတီအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာမြင့်မြင့်ငြိမ်းနှင့်  ဧရာဝတီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်တို့ ဆွေးနွေးတိုင်ပင်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

COVID-19 ကုသရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သော သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းရှိ  ဧရာဝတီစင်တာ (A) တွင် ၄၂၅ ခုတင်၊ သုဝဏ္ဏလူငယ် လေ့ကျင့်ရေးစခန်းရှိ လက်ရွေးစင် ကစားသမားအဆောင် ဧရာဝတီစင်တာ (B) တွင် ခုတင် ၂၇၀၊ အရေးပေါ် လူနာများကို အနီးကပ် ကြပ်မတ်ကုသပေးနိုင်မည့် သုဝဏ္ဏအားကစားကွင်းရှိ ဧရာဝတီစင်တာ (C) (COVID-19 Critical Care Unit) တွင် ၇၅ ခုတင်ပါရှိမည်ဖြစ်ပြီး စုစုပေါင်း ခုတင် ၇၇၀ အထိ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

စင်တာ (B) နှင့် (C) တို့တွင် စက်တင်ဘာလကုန်၌ လူနာများ လက်ခံနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ သုဝဏ္ဏမြက်ခင်းတု အားကစားကွင်းရှိ COVID-19 ကုသရေးစင်တာ (A) တွင် ရောဂါလက္ခဏာ မပြသည့် လူနာများကို စောင့်ကြည့် ကုသပေးနေပြီး လူနာပြည့်လုနီးပါး ရှိလာကြောင်း သိရသည်။

COVID-19 ကုသရေး ဧရာဝတီစင်တာ (A) မှ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးက “ပြည့်လုနီးပါး ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်” ဟု စက်တင်ဘာ ၂၄ ရက်က ပြောကြားသည်။

လက်ရှိတွင် စင်တာ (A) ၌ လူနာ ၃၆၅ ဦးရောက်ရှိကုသပေးနေပြီး ရောဂါလက္ခဏာပြသည့် လူနာအချို့လည်း ရောက်ရှိလာသဖြင့် ကုသမှုပေးနေကြောင်း၊ စမ်းသပ်ခန်းနှင့် စတိုခန်းများ သတ်မှတ်ထား၍ လူနာ ၃၈၀ ခန့်သာ ထားရှိကုသနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သုဝဏ္ဏ အားကစားကွင်းတွင် တည်ဆောက်လျက်ရှိသော အရေးပေါ်လူနာများကို အနီးကပ် ကြပ်မတ် ကုသပေးနိုင်မည့် ဧရာဝတီစင်တာ (C) (COVID-19 Critical Care Unit) ကိုတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဧရာဝတီစင်တာ (A)၊ (B)၊ (C) တစ်ခုချင်းစီအလိုက် ကျန်းမာရေးနှင့် စေတနာ့ဝန်ထမ်း စုစုပေါင်း ၃၅၀ အဆင်ပြေစွာ နေထိုင်နိုင်ရန် အဆောင်နေရာများကိုလည်း စီမံဆောင်ရွက်ပေးထားပြီး အဆိုပါ စင်တာ သုံးခုစလုံးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံခန့်ခွဲမှုရုံးကိုလည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် လူနာရှင်၏ မိသားစုများ ပစ္စည်းပေးပို့နိုင်ရန်အတွက် ပစ္စည်းလက်ခံရာ ဌာနကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်၍ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိတစ်ကြိမ် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း ချက်များနှင့်အညီ ပေးပို့နိုင်ကြောင်း သိရသည်။

Most Read

Most Recent