စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းအထိ COVID-19 ပိုးတွေ့လူနာများအနက် သေဆုံးနှုန်း ၁ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ပြန်လည်ကောင်းမွန်မှု ၂၉ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
စက်တင်ဘာ ၂၂ ရက် ညပိုင်းမှ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းအထိ COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၃၁၁ ခု၊ ဆေးသုတေသနဦးစီးဌာနက ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၉၀၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၉၂ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)က ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၃၃ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး) က ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၈ ခု၊ ရန်ကုန်မြို့ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က ဓာတ်ခွဲနမူနာ ၁၁၈၉ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၃၀၈၃ ခု ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၁၆ ဦး တွေ့ရှိရ ကြောင်းနှင့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၆၉၅၉ ဦးရှိကြောင်း သိရသည်။
စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် COVID-19 ကြောင့် သေဆုံးသူတစ်ဦး ထပ်မံတိုးပြီး ၎င်းမှာ COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တက်ရောက်ကုသလျက်ရှိသော အသက် ၄၃ နှစ်အရွယ် အမျိုးသမီး Case-4581 သည် စက်တင်ဘာ ၂၂ ရက် ညပိုင်းတွင် သေဆုံးခဲ့ကြောင်းနှင့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းအထိ သေဆုံးသူ စုစုပေါင်း ၁၁၆ ဦးရှိပြီဖြစ်သည်။
လက်ရှိ ပိုးတွေ့လူနာများအနက် သေဆုံးနှုန်း ၁ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး စက်တင်ဘာ ၆ ရက်မှ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းအထိ ၁၇ ရက်အတွင်း သေဆုံးသူ ၁၀၈ ဦး ထပ်တိုးခဲ့သည်။
စက်တင်ဘာ ၆ ရက်အထိ COVID-19 ကြောင့် သေဆုံးသူရှစ်ဦးသာ ရှိခဲ့သော်လည်း ၁၇ ရက်တာကာလအတွင်း ယခုလို မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၆ ရက်၌ သေဆုံးသူရှစ်ဦးရှိခဲ့ရာမှ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းထုတ်ပြန်ချက်အရ သေဆုံးသူ ၁၁၆ ဦးရှိလာသဖြင့် ၁၇ ရက်အတွင်း သေဆုံးသူ ၁၀၈ ဦး ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။
ယခင်က COVID-19 နှင့်ဆက်နွှယ်ပြီး သေဆုံးသူများတွင် အသက်အရွယ်ကြီး ရင့်သူများသာ ရှိခဲ့သော်လည်း ဒုတိယလှိုင်းတွင်မူ အသက်ငယ်ရွယ်သူများ၊ သက်လတ်ပိုင်းများလည်း ပါဝင်လာခဲ့သည်။
မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၆၉၅၉ ဦးအနက် ပြန်လည်ကောင်းမွန်သူ ၁၉၅၁ ဦးရှိ၍ ပြန်လည်ကောင်းမွန်မှု ၂၉ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
ပိုးတွေ့လူနာများအနက် ပြန်လည်သက်သာကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရသူ စက်တင်ဘာ ၂၂ ရက်က ၅၀၆ ဦးအထိရှိလာပြီး မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားစဉ်ကာလတစ်လျှောက် တစ်ရက်အတွင်း ဆေးရုံဆင်းခွင့်ရသူဦးရေ အများဆုံးဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနမှလည်း ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များကို ပြင်ဆင်ခဲ့ရာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါလက္ခဏာရှိသောလူနာများတွင် သာမန် သို့မဟုတ် အသင့်အတင့်ရောဂါ လက္ခဏာရှိသည့်လူနာများ (ကိုယ်ခံအားကျဆင်းနေသော လူနာများမပါဝင်)၊ ရောဂါလက္ခ ဏာပြသည့်ရက်မှစ၍ ၁၀ ရက်နှင့် ရောဂါလက္ခဏာပျောက်ကင်းပြီးနောက် တစ်ရက်ကြာရှိခြင်း (ကိုယ်ပူကျဆေး အကူအညီမပါ ဘဲဖျားနာခြင်းမရှိ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် COVID-19 အခြားရောဂါလက္ခဏာများ မရှိခြင်း) နှင့် လူနာကို အတွင်းလူနာအဖြစ် အနည်းဆုံး ၁၁ ရက်ထားရှိရမည်ဖြစ်သည်။
ထို့ပြင် ပြင်းထန်သောရောဂါလက္ခဏာရှိသည့် လူနာများ သို့မဟုတ် အသည်းအသန်လူနာများ သို့မဟုတ် ကိုယ်ခံအားကျဆင်းနေသူများတွင် ရောဂါလက္ခဏာပြသည့်ရက်မှစ၍ ၁၀ ရက်နှင့် ရောဂါလက္ခဏာပျောက်ကင်းပြီးနောက် လေးရက်ကြာရှိခြင်း (ကိုယ်ပူ ကျဆေးအကူအညီမပါဘဲ ဖျားနာခြင်းမရှိ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် COVID-19 အခြားရောဂါလက္ခဏာများ မရှိခြင်း) နှင့် လူနာအား အတွင်းလူနာအဖြစ် အနည်းဆုံး ၂၁ ရက် ထားရှိရမည်ဖြစ်ကြောင်းနှင့် ရောဂါ လက္ခဏာမရှိသော လူနာများကိုမူ SARS Cov-2 ရောဂါပိုးတွေ့ရှိပြီး ၁၁ ရက်ထားရှိပြီးပါက ဆေးရုံဆင်းခွင့်ပြုထားကြောင်း သိရသည်။















