ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းမည်မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် ပြောကြား

ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းမည်မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် ပြောကြား
Published 19 September 2020
Ref: Bloomberg

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှုများ မြင့်တက်နေသည့်တိုင် နိုင်ငံတစ်ဝန်းရှိ မဲရုံများ၌ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရမည့် စီမံချက်များဖြင့် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

“ COVID-19 ရောဂါ အကြောင်းပြချက်နဲ့ အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အစီအစဉ်မရှိပါဘူး” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာလ ၁၉ ရက်တွင် သတင်းထောက်များကို အွန်လိုင်းမှတစ်ဆင့် ပြောကြားခဲ့သည်။

ကော်မရှင်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မဲရုံများတွင် ဗိုင်းရပ်စ်ပျံ့ပွားမှုမရှိစေရန် ကာကွယ်တားဆီးမည့် မဟာဗျူဟာရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်ဖြစ်ပွားမှုကြောင့် နေရာဒေသအနှံ့တွင် တင်းကြပ်သည့် အသွားအလာကန့်သတ်ပိတ်ဆို့မှုများ ချမှတ်ထားရချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုဟ် ဒေါ်အောင်ဆန်းစုကြည်သည် အထွေထွေရွေးကောက်ပွဲကို ဆိုင်းငံ့ရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ယင်းကဲ့သို့ကူးစက်မှုများ မြင့်တက်နေခြင်းကြောင့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သည့် အတိုက်အခံပါတီများက ရွေးကောက်ပွဲကော်မရှင်ကို ယခုသီတင်းပတ်က တောင်းဆိုခဲ့ကြသည်။

ထို့ပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့ကလည်း ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ပြီးခဲ့သည့်ရက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာပေးပို့မှုရှိခဲ့ပြီး ပြည်သူ့ပါတီက လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုသည်။

ယခင်က မဲရုံအရေအတွက် ၄၀,၀၀၀ ကျော် စီစဉ်ထားရာမှ ၅၀,၀၀၀ ကျော်အထိ တိုးမြှင့်သွားမည်ဟု ဦးမြင့်နိုင်က ပြောကြားသည်။

မဲရုံတစ်ရုံစီတွင် မဲပေးမည့်လူအရေအတွက်ကို ထက်ဝက်လျှော့ချသည့်အနေနှင့် မဲရုံတစ်ရုံစီတွင် အများဆုံး မဲပေးသူ ၁၅၀၀ သာ မဲပေးခိုင်းမည်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမဖြစ်စေဘဲ ခပ်ခွာခွာဖြစ်စေရန် မဲရုံဧရိယာကို တိုးချဲ့သွားမည်ဟု ဦးမြင့်နိုင်က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲအတွက် မဲပေးခြင်းကို တစ်ဦးလျှင် ခြောက်ပေအကွာစီဖြင့် သရုပ်ပြမဲပေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ရာ တစ်ဦးလျှင် မဲပေးချိန် ခုနစ်မိနစ်ဝန်းကျင် ကြာမြင့်နိုင်ပြီး ယင်းအတွက် မဲဆန္ဒရှင်တစ်ထောင်ထက်ပိုသည့် မဲရုံများတွင် နှစ်ဆိုင်း၊ နှစ်ထောင်ထက် ပိုလျှင် သုံးဆိုင်းထိခွဲ၍ စီစဉ်ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီး၊ ခရိုင်ကော်မရှင် အဖွဲ့ခွဲများ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားထားသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေနှင့်လည်း ၎င်းတို့ လက်ရှိနေထိုင်နေသည့် သက်ဆိုင်ရာနိုင်ငံများမှ သံရုံးများမှတစ်ဆင့် မဲပေးနိုင်သည်ဟ ုဆိုသည်။ ပြည်ပရောက်မဲပေးမည့်သူများကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုလျင် မဲပေးရန် အရည်အချင်းပြည့်မီသူပေါင်း ၃၇ သန်းမှ ၃၈ သန်းအထိ မြင့်တက်လာသည်။

ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၁၇၁ နေရာအတွက် နိုင်ငံရေးပါတီ ၉၃ ခုမှ ကိုယ်စားလှယ်လောင်း ၆,၉၆၉ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

လုံခြုံရေး အကြောင်းပြချက်များဖြင့် ရွေးကောက်ပွဲရွှေ့ဆိုင်းရမည့် မဲဆန္ဒနယ်များ စာရင်းကိုမူ အောက်တိုဘာလ အစောပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်က ကြေညာသွားမည်ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ရခိုင်ပြည်နယ် အချို့နေရာဒေသများ နှင့် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြို့နယ်များတွင်မူ မဲပေးမှုများ နှောင့်နှေးကြန့်ကြာဖွယ်ရှိကြောင်း ဦးမြင့်နိုင်က ဆိုသည်။

Most Read

Most Recent