၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိ နိုင်ငံဖြစ်လာစေရန်နှင့် နှစ် ၂၀ အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ဘီလျံ ၂၂၀ ကျော်ရရှိရေး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်လျက်ရှိ

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိ နိုင်ငံဖြစ်လာစေရန်နှင့် နှစ် ၂၀ အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ဘီလျံ ၂၂၀ ကျော်ရရှိရေး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်လျက်ရှိ
Launching Ceremony of Myanmar Investment Promotion Plan (MIPP) ကို တွေ့ရစဉ် (ဓာတ်ပုံ -နီလာ)
Launching Ceremony of Myanmar Investment Promotion Plan (MIPP) ကို တွေ့ရစဉ် (ဓာတ်ပုံ -နီလာ)
Published 18 October 2018
နီလာ

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ် အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိပြီဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် Launching Ceremony of Myanmar Investment Promotion Plan (MIPP) အခမ်းအနားမှ သိရသည်။

“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းဟာ ၂၀၁၆-၂၀၁၇ ခုနှစ်ကနေ ၂၀၃၅-၂၀၃၆ ခုနှစ်အထိ နှစ် ၂၀ စီမံကိန်းဖြစ်ပြီး ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှုပ်နှံမှု အုပ်ချုပ်မှုနည်းစနစ်၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် အဖွဲ့အစည်းပိုင်းဆိုင်ရာ တိုးတက်မှု၊ အခြေခံ အဆောက်အအုံကောင်းမွန်မှု၊ စီးပွားရေးလုပ်ငန်းများနဲ့ ဆက်စပ်တဲ့စနစ်များကို ၀ိုင်းဝန်းပံ့ပိုးကူညီမှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စက်မှုပိုင်းဆိုင်ရာ ကွင်းဆက်နဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်ပေါ်လာစေရန်တို့အပြင် ၂၀၃၀ ပြည့်နှစ်မှာ ဝင်ငွေအလယ်အလယ်အဆင့်ရှိတဲ့ နိုင်ငံဖြစ်လာဖို့ပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

ထို့ပြင် နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ဘီလျံ ၂၂၀ ကျော်ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် ကာလရှည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို ရေးဆွဲခဲ့ပြီး ၂၀၁၄ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာလရှည်နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို ပြောင်းလဲလာသည့် အစိုးရ၏ မူဝါဒအခြေအနေများနှင့် ကိုက်ညီစေရန်နှင့် လိုက်လျောညီထွေမှု ရှိစေရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအဖြစ် MIC နှင့် JICA တို့ ပူးပေါင်းကာ အနာဂတ်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးအတွက်ရည်ရွယ်၍ ထပ်မံပြင်ဆင် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ အခြေပြုကိစ္စရပ် (Base Case) အပေါ် အခြေခံ၍ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ဦးတည်ချက်များ (Investment Target) များမှာ ကာလတိုငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိတွင် နှစ်စဉ် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ကာလလတ် ငါးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ၊ ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံ၊ ၂၀၃၁-၂၀၃၁ ခုနှစ်မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံအထိ ရရှိရန် အသီးသီး ခန့်မှန်းထားသည်။                

Most Read

Most Recent