လူစုလူဝေးကြောင့် ရောဂါကူးစက်မှု ပိုမိုများပြားလာနိုင်ခြင်းနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခဲယဉ်းခြင်းတို့ကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က အိတ်ဖွင့်ပေးစာပေးပို့

လူစုလူဝေးကြောင့် ရောဂါကူးစက်မှု ပိုမိုများပြားလာနိုင်ခြင်းနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခဲယဉ်းခြင်းတို့ကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က အိတ်ဖွင့်ပေးစာပေးပို့
Published 11 September 2020
စည်သူ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား ဒီဇင်ဘာ ၂၇ ရက်ထိ ရွှေ့ဆိုင်းပေးရန် ရွေးကောက်ပွဲကော်မရှင်ထံ ပြည်သူ့ရှေ့ဆောင်ပါတီက စက်တင်ဘာ ၁၁ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း ယင်းပါတီက ထုတ်ပြန်သည်။

PPP ပါတီ၏ အိတ်ဖွင့်ပေးစာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၇ ရက် ထုတ်ပြန်သော အထွေထွေရွေးကောက်ပွဲကျင်းပရာ၌ COVID-19  ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အညီ ဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်အပိုင်း (၁) တွင် Stay at Home လုပ်ထားသော မြို့နယ်များတွင် လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ ပြင်ပနေရာများ၊ အဆောက်အဦများတွင် မဲဆွယ်စည်းရုံးခြင်း၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးခြင်း၊ လုပ်ငန်းများကို လုံးဝဆောင်ရွက်ခြင်းမပြုရန် ဖော်ပြထားကြောင်း၊ တစ်ဆက်တည်းတွင် စက်တင်ဘာ ၈ ရက် စတင်မဲဆွယ်စည်းရုံးခွင့်ပေးပြီး တစ်ရက်အလွန် စက်တင်ဘာ ၉ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ရောဂါကူးစက်မူ အခြေအနေအရ ရန်ကုန်တိုင်းရှိမြို့နယ် ၂၁ မြို့နယ်ကို Stay At Home ပြုလုပ်ရန် ထပ်မံကြေညာခဲ့ကြောင်း၊ အထက်ပါ အခြေအနေများကြောင့် နိုင်ငံရေးပါတီများအနေဖြင့်လည်း လွတ်လပ်စွာ မဲဆွယ်စည်းရုံးရန် အခက်အခဲများစွာနှင့် ကြုံတွေ့လျက်ရှိကြောင်း ရေးသားထားသည်။

ဖွဲ့စည်းပုံအခြေဥပဒေပုဒ်မ (၁၁၉) အရ ပြည်သူ့လွှတ်တော်၏ သက်တမ်းသည် ငါးနှစ်ဖြစ်ပြီး ပုဒ်မ(၁၅၁)အရ အမျိုးသားလွှတ်တော်၏ သက်တမ်းသည်လည်း ပြည်သူ့လွှတ်တော် သက်တမ်းနှင့်အညီဖြစ်ကြောင်း၊ လက်ရှိဒုတိယအကြိမ်လွှတ်တော်သည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင်စတင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် လွှတ်တော်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း၊ အထက်ပါအခြေအနေများအရ ရွေးကောက်ပွဲကျင်းပခဲ့လျှင်လည်း လူစုလူဝေးကြောင့် ရောဂါကူးစက်မှု ပိုမိုများပြားလာနိုင်ခြင်းနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခဲယဉ်းခြင်းတို့ကြောင့် နိုင်ငံရေးမတည်မငြိမ် မဖြစ်စေဘဲ ရောဂါထိမ်းချုပ်နိုင်ကာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီး တစ်ပတ်အတွင်း လွှတ်တော်ခေါ်ယူနိုင်သဖြင့်လည်းကောင်း ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၇ ရက်ထိ ရွှေ့ဆိုင်းသင့်ကြောင်း  PPP ပါတီ၏ အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီထွန်းသစ်စ နိုင်ငံဖြစ်သဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရေးသည် လွန်စွာအရေးပါပြီး ပြည်သူလူထုအားလုံးက မျှော်လင့်တောင့်တသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း PPP ပါတီ၏အိတ်ဖွင့်ပေးစာတွင်ပါရှိသည်။

ထို့ပြင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်နှင့် ပြည်သူလူထု၏ ဆန္ဒကိုထင်ဟပ်သော အစိုးရတစ်ရပ်ပေါ်ပေါက်နိုင်ရန်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ကြောင်း၊ ပြည်သူလူထုက အစိုးရတစ်ရပ်ကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ရန်အတွက် ပါတီများ၏ သတင်းအချက်အလက်များ၊ မူဝါဒများ၊ ကိုယ်စားလှယ်လောင်းများ၏အရည်အချင်းနှင့် ကိုယ်ရေးရာဇဝင်များကိုသိရှိပြီး မိမိတို့နိုင်ငံနှင့် ဒေသအကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်မည့် ပါတီနှင့် ကိုယ်စားလှယ်များကို ရွေးချယ်မဲပေးနိုင်ရန် လိုအပ်ကြောင်းလည်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

 

Most Read

Most Recent