ဥရောပစူပါဖလားပွဲစဉ်ယှဉ်ပြိုင်မည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဆီဗီလာအသင်းတို့ လက်မှတ်ခွဲတမ်း (၃၀၀၀)စီရရှိ

ဥရောပစူပါဖလားပွဲစဉ်ယှဉ်ပြိုင်မည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဆီဗီလာအသင်းတို့ လက်မှတ်ခွဲတမ်း (၃၀၀၀)စီရရှိ
Photos: Getty Images
Photos: Getty Images
Published 8 September 2020

စက်တင်ဘာ (၂၄)ရက်နေ့တွင် ဟန်ဂေရီနိုင်ငံ၌ကျင်းပမည့် ၂၀၂၀ ဥရောပစူပါဖလားပွဲစဉ်အတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဆီဗီလာအသင်းတို့အား လက်မှတ်ခွဲတမ်း (၃၀၀၀)စီပေးအပ်ခဲ့ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ထုတ်ပြန်ခဲ့သည်။

ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနှင့် ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းတို့ယှဉ်ပြိုင်မည့် ၂၀၂၀ ဥရောပစူပါဖလားပွဲစဉ်ကို  ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့ရှိ ပရိသတ် (၆၇၂၁၅)ဦး ဝင်ဆံ့သော ပွတ်ရှ်ကပ်အရီနာကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး

ယင်းပွဲစဉ်တွင် ကွင်းဝင်ဆံ့ပရိသတ်၏ (၃၀%)ကို ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့်ပြုမည်ဖြစ်ကြောင်း UEFA  က အစောပိုင်းကတည်းကထုတ်ပြန်ထားပြီးဖြစ်သည်။

ယခုအခါပြိုင်ပွဲယှဉ်ပြိုင်မည့် အသင်း(၂)သင်းအတွက် လက်မှတ်ခွဲတမ်းပေးဝေမှု၊ လက်မှတ်ရောင်းချမှုနှင့် လက်မှတ်ကိုင်ဆောင်ကြည့်ရှုမည့်ပရိသတ်များ လိုက်နာရမည့် စည်းကမ်းချက်များကို UEFA မှအတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

UEFA အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကာလအတွင်း ပရိသတ်များအား ကွင်းအတွင်းပြန်လည်ကြည့်ရှုခွင့်ပြုခဲ့ခြင်းဖြစ်ပြီး တင်းကျပ်သည့်စည်းမျဉ်းများချမှတ်သွားမည်ဖြစ်သည်။

ဥရောပစူပါဖလားပွဲစဉ်အား ကွင်းအတွင်းဝင်ရောက်ကြည့်ရှုမည့် ပရိသတ်များအနေဖြင့် လက်မှတ်နှင့်အတူ သက်ဆိုင်ရာနိုင်ငံအလိုက် တာဝန်ရှိသူများမှ အတည်ပြုထုတ်ပြန်ပေးထားသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိကြောင်း ထောက်ခံချက်ပါရှိရမည်ဖြစ်သလို၊ ကွင်းသို့ရောက်ရှိပါကလည်း သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအတိုင်း ဆေးစစ်ဆေးမှုများကိုခံယူရမည်ဖြစ်သည်။

ကွင်းအတွင်းတွင်လည်း ပရိသတ်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၁.၅)မိတာ အကွာအဝေးတွင် နေထိုင်ရမည်ဖြစ်သလို၊ ပွဲကျင်းပစဉ်တစ်ချိန်လုံး နှာခေါင်းစည်း Mask များကိုတပ်ဆင်ထားရမည်ဖြစ်သည်။

ထို့ပြင် ယခုပွဲစဉ်သို့ ပြည်ပနိုင်ငံမှလာရောက်ကြည့်ရှုမည့်ပရိသတ်များအနေဖြင့်လည်း ပွဲပြီးဆုံးပါက ဟန်ဂေရီနိုင်ငံမှ (၇၂)နာရီအတွင်း ပြန်လည်ထွက်ခွာခွင့်ရှိမည်မဟုတ်ကြောင်းလည်းသိရသည်။

ဘိုင်ယန်မြူးနစ်အသင်းနှင့် ဆီဗီလာအသင်းတို့သည် ဥရောပစူပါဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်နောက်ပိုင်း ဂျာမနီကလပ်အသင်းနှင့် စပိန်ကလပ်အသင်းတို့ ယခုပြိုင်ပွဲတွင် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။

ဥရောပစူပါဖလားပြိုင်ပွဲသမိုင်းတွင် ဆီဗီလာအသင်းသည် (၅)ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပြီး ချန်ပီယံဆု (၁)ကြိမ်၊ ဒုတိယ (၄)ကြိမ်ရရှိထားသလို၊ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း (၄)ကြိမ်ယှဉ်ပြိုင်ခဲ့ရာတွင် ချန်ပီယံဆု (၁)ကြိမ်နှင့် ဒုတိယ (၃)ကြိမ်ရရှိထား

ကြောင်းသိရသည်။

Most Read

Most Recent