နိုင်ငံရေးပါတီများအနေဖြင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) အုပ်ချုပ်ရေးနယ်မြေဒေသအတွင်း မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်တွင် ကြိုတင် ဆက်သွယ်အကြောင်းကြားပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း RCSS/SSA က ကြေညာချက် ထုတ်ပြန်သည်။
၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်တွင် RCSS က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် အထက်ပါအတိုင်း ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်သည်။
တရားဝင် နိုင်ငံရေးပါတီများအနေဖြင့် RCSS အုပ်ချုပ်ရေးနယ်မြေဒေသအတွင်း လာရောက်မဲဆွယ်ရာတွင် ရှမ်းပြည်နယ်အရေး၊ ပြည်ထောင်စုအရေးကို ဦးထိပ်ထား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ကျင့်ဝတ်နှင့် လုပ်ငန်းများ၊ ရွေးကောက်ပွဲ ဥပဒေများ၊ COVID-19 ကပ်ရောဂါဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်ကြောင်း RCSS ၏ ကြေညာချက်တွင် ပါဝင်သည်။
သို့သော်လည်း RCSS အုပ်ချုပ်ရေးနယ်မြေဒေသအတွင်း မဲဆွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ နိုင်ငံရေးပါတီများသည် RCSS ၏ ဆက်ဆံရေးရုံးများနှင့် ဖြစ်စေ၊ ဒေသအတွင်းရှိ နယ်မြေခံ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဖြစ်စေ ကြိုတင်ဆက်သွယ် အကြောင်းကြားရန် လိုအပ်မည်ဖြစ်ကြောင်း RCSS အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ထိုသို့ ကြိုတင်ဆက်သွယ် အကြောင်းကြားပြီးမှသာ မဲဆွယ်စည်းရုံးခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း RCSS က ကြေညာသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားရန်” ဟု သဘောတူထားသည့်အတိုင်း RCSS သည် အနာဂတ်ပြည်ထောင်စုကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အခြေခံတို့ဖြင့် တည်ဆောက်သွားရန် ကတိကဝတ်ပြုခဲ့ပြီးဖြစ်ကြောင်း RCSS ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ဒီမိုကရေစီ အသွင်းကူးပြောင်းရေးမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် ရွေးကောက်ပွဲသည် မရှိမဖြစ်လိုအပ်သည်ဟု ခံယူထားကြောင်း၊ ထို့ကြောင့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် RCSS အနေဖြင့် တတ်အားသမျှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြောင်း RCSS ၏ ကြေညာချက်တွင် ပါရှိသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး အထွေထွေရွေးကောက်ပွဲကြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် RCSS အနေဖြင့် လိုအပ်သည့် ဆောင်ရွက်မှုများကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း RCSS က ထုတ်ပြန်ကြေညာခဲ့သည်။