အရပ်ဘက်အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို အကာအကွယ်ပေးမှု အားနည်းခြင်းက စောင့်ကြည့်လေ့လာခွင့်နှင့်စပ်လျဉ်းသည့် ဥပဒေပြဋ္ဌာန်းချက်မရှိသောကြောင့်ဖြစ်ဟု PACE အဖွဲ့ ဝေဖန်

အရပ်ဘက်အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို အကာအကွယ်ပေးမှု အားနည်းခြင်းက စောင့်ကြည့်လေ့လာခွင့်နှင့်စပ်လျဉ်းသည့် ဥပဒေပြဋ္ဌာန်းချက်မရှိသောကြောင့်ဖြစ်ဟု PACE အဖွဲ့ ဝေဖန်
Published 25 August 2020
ဉာဏ်လင်းထွန်း

အရပ်ဘက်အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို အကာအကွယ်ပေးမှု အားနည်းခြင်းက စောင့်ကြည့်လေ့လာခွင့်နှင့်စပ်လျဉ်းသည့်  ဥပဒေပြဋ္ဌာန်းချက် မရှိသောကြောင့်ဖြစ်သည်ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က ထောက်ပြဝေဖန်သည်။

“ ကျွန်တော်တို့ စောင့်ကြည့်လေ့လာခွင့်က လုပ်ထုံးလုပ်နည်းမှာပဲ ရှိတယ်။ နည်းဥပဒေထဲမှာတောင် မရှိဘူး။ မရှိတဲ့အတွက်ကြောင့် ကော်မရှင်အဖွဲ့ တက်တိုင်း တက်တိုင်းမှာ ရွေးကောက်ပွဲ စောင့်ကြည့်ခွင့်ရမလား၊ မရဘူးလားဆိုတာက စိတ်ပူနေရတာပေါ့” ဟု PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စတင်ရရှိခဲ့ပြီး ယင်းသို့ စောင့်ကြည့်လေ့လာခွင့်ကို ကော်မရှင်က စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်နှင့် လိုက်နာရမည့်ကျင့်ဝတ်များ ထုတ်ပြန်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ လုပ်ထုံးလုပ်နည်းများဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ခွင့်ပြုလျက်ရှိခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုနှင့် တစ်ခုထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများ ကွာခြားမှုရှိသည်ဟု PACE က ဆိုသည်။

“ အခု ၂၀၂၀ မှာ အခေါ်အဝေါ်တွေ ပြောင်းလာတယ်။ စောင့်ကြည့်လေ့လာခွင့်လုပ်ငန်းစဉ်တွေတချို့ကို ပယ်ဖျက်လာတယ်။ ဒီလိုဟာမျိုးတွေဖြစ်လာတယ်။ ကော်မရှင်အပေါ်မှာ မူတည်ပြီးမှ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စောင့်ကြည့်လေ့လာခွင့်က အပြောင်းအလဲအမြဲဖြစ်နေတယ်။ အဲဒီလို မဖြစ်ရအောင် ကျွန်တော်တို့က ဥပဒေမူဘောင်ထဲမှာထည့်ဖို့ တိုက်တွန်းတာ။ ဒါမှပိုပြီးတော့ ခိုင်မာမယ်။ ပိုပြီးတော့မှ အကာအကွယ်ရမယ်လို့ ယူဆတယ်” ဟု PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းတွင် စောင့်ကြည့်ဆိုသည့် စကားရပ်ကို ပယ်ဖျက်ထားသည်။

ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက စောင့်ကြည့်ခွင့်ရခဲ့သည့် ရွေးကောက်ပွဲကန့်ကွက်လွှာများကို စစ်ဆေးဆုံးဖြတ်ချက်ချခြင်း၊ မဲဆန္ဒအချက်အလက်၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မဲလက်မှတ်ရိုက်နှိပ်မှု ဖြစ်စဉ်များကို လေ့လာခွင့်ရရှိမည့်စာရင်းမှ ဖြုတ်ချခဲ့သည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအနေဖြင့် မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ပြုစုခြင်း၊ အနိုင်ရကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာခြင်း အပါအဝင် အချက်ကိုးချက်ကို လေ့လာနိုင်မည်ဖြစ်ဟု ကော်မရှင်ထုတ်ပြန်ချက်အရ သိရသည်။

PACE ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတို့ကို စောင့်ကြည့်လေ့လာခဲ့ကာ လာမည့် ၂၀၂၀ အေထွေထွေရွေးကောက်ပွဲကိုလည်း လူအင်အား ၃၀၀၀ နီးပါးအသုံးပြု၍ စောင့်ကြည့်လေ့လာရန် ပြင်ဆင်လျက်ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မူလက PACE အဖွဲ့ကို အသင်း အဖွဲ့မှတ်ပုံတင်မရှိမှု၊ နိုင်ငံခြား အထောက်အပံ့ ရယူမှုတို့ဖြင့် လာမည့်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ငြင်းဆန်ခဲ့သော်လည်း သြဂုတ် ၁၅ ရက်တွင် ပြန်လည်လေ့လာခွင့်ပြုမည်ဟု အကြောင်းပြန်ခဲ့သည်။

သို့သော် အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင် တင်ပြီး တရားဝင်မှတ်ပုံတင်ရရှိမှ ရွေးကောက်ပွဲ လေ့လာခွင့်ပြုမည်ဟု အကြောင်းပြန်ခဲ့ပြီး PACE အဖွဲ့အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက ပြည်ထောင်စုမှတ်ပုံတင်ရေး အဖွဲ့ထံ အသင်းအဖွဲ့မှတ်ပုံတင် လျှောက်ထားခဲ့သည်။

အသင်းအဖွဲ့မှတ်ပုံတင်ရရှိရန် သုံးလခန့် လိုအပ်သောကြောင့် နှစ်လကျော်သာ လိုတော့သည့် အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်အချို့ကို စောင့်ကြည့်လေ့လာခွင့်ရရန် မသေချာဖြစ်နေကြောင်း PACE အဖွဲ့က ဆိုသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို အသင်းအဖွဲ့မှတ်ပုံတင်နှင့် ချိတ်ဆက်ခြင်းက ရွေးကောက်ပွဲ စောင့်ကြည်သည့်လုပ်ငန်းစဉ်အတွက် ကြီးမားသည့် အဟန့်အတားဖြစ်ကြောင်း PACE အဖွဲ့က သြဂုတ် ၂၄ ရက် ထုတ်ပြန်ချက်တွင် ဝေဖန်ခဲ့သည်။

Most Read

Most Recent