သံလွင်မြစ် ရေကြီးခြင်းကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ရေကြီးရေလျှံခြင်းများ၊ နေအိမ်ရေနစ်မြုပ်ခြင်းများ ကြုံတွေ့နေရပြီး ရေထပ်တက်မည်ကို စိုးရိမ်နေ

သံလွင်မြစ် ရေကြီးခြင်းကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ရေကြီးရေလျှံခြင်းများ၊ နေအိမ်ရေနစ်မြုပ်ခြင်းများ ကြုံတွေ့နေရပြီး ရေထပ်တက်မည်ကို စိုးရိမ်နေ
Published 24 August 2020
စည်သာဟိန်း၊ ပြည့်စုံ

သံလွင်မြစ်ရေကြီးခြင်းကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ရေ ကြီးရေလျှံခြင်းများ၊ နေအိမ်ရေနစ်မြုပ်ခြင်းများ ကြုံတွေ့နေရပြီး ရေထပ်တက်မည်ကို စိုးရိမ်နေကြောင်း ဒေသခံများထံမှ သြဂုတ် ၂၄ ရက် တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ လင်းခေးမြို့တောင်ဘက်၊ နားကုန်းကျေးရွာအုပ်စု တာဆွတ်တိန်း ကူးတို့ ဆိပ်နှင့်လမ်းမပေါ်တွင် ရေတက်လာသဖြင့် အိမ်ခြေဆိုင်ခန်းပေါင်း ၂၄ ခန်း၊ ရေနစ်မြုပ်မှု ကြောင့် လူဦးရေ ၁၀၄ ဦးကျော် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

သံလွင်မြစ်အတွင်း စီးဝင်သည့် တိန်း ချောင်းသည် လင်းခေးမြို့နယ်ကို ဖြတ်သန်း စီးဆင်းနေပြီး၊ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် သံလွင်မြစ်ရေတက်ခြင်းကြောင့် တိန်းချောင်းမှာ သံလွင်မြစ်အတွင်း မစီးဝင်နိုင်တော့ဘဲ နောက်ပြန်ဆုတ်ခြင်းကြောင့် တိန်းချောင်းစီး ဆင်းရာ ကျေးရွာတစ်လျှောက်တွင် ရေကြီးနစ် မြုပ်ခြင်းများ ကြုံတွေ့လာနိုင်သဖြင့် စိုးရိမ်ရကြောင်း လင်းခေးဒေသခံများက ပြောကြားသည်။

သြဂုတ် ၂၁ ရက်တွင် စတင် ရေကြီးခြင်း ဖြစ်ပြီး၊ ၂၂ ရက်တွင် ရေလျှံမှုများ ဖြစ်ပွားခဲ့ကာ အမြင့်ပေခုနစ်ပေခန့်အထိ ရောက်ရှိလာ ကြောင်း၊ သြဂုတ် ၂၄ ရက်အထိ ရေမကျသေး ကြောင်း ၊ သံလွင်မြစ် တာကော်တံတားကျေးရွာ ရေကြီးသဖြင့်လင်းခေးမြို့နယ်တွင်းသို့ ရေများ လျှံတက်လာမည်ကို စိုးရိမ်ရကြောင်း သိရ သည်။

၂၀၀၄ ခုနှစ်တုန်းကလည်း ဆိုးရွားစွာ ရေကြီးနစ်မြုပ်ခြင်း ကြုံတွေ့ခဲ့ရကြောင်း၊ ဒေသခံများထံမှ သိရသည်။

“အခုစိုးရိမ်ရတာ လင်းခေးဆိုတာ တိန်းချောင်းဘေးမှာ နေထိုင်ကြတယ်။ တိန်းချောင်း ဆိုတာ သံလွင်မြစ်ဝမှာ တာဆွတ်တိန်းဆိုတဲ့ နေရာမှာ သွားဝင်တယ်။ တိန်းချောင်းဝင်းက သံလွင်မြစ်ထဲကို မဝင်နိုင်တော့ဘဲ နောက် ပြန်ဆုတ်တယ်။ အခု တိန်းချောင်း အနီးတဝိုက် မြို့မ ၈ ရပ်ကွက်နဲ့ ကျေးရွာတွေအားလုံးတော့ စိုးရိမ်ရတယ်။ နောက်ထပ် နှစ်ရက်သုံးရက် လောက်ဆိုရင် ရေတော်တော်ကြီးမယ်။ ခုချိန် ထိတော့ ရေမကျသေးဘူးဗျ” ဟု လင်းခေးဒေ သခံ စိုင်းဆေဟန်က ပြောကြားသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နားမခေါ် ကျေးရွာတွင် သြဂုတ် ၂၄ ရက် နံနက်မှစတင်၍ တောင်ကျချောင်းရေ ရုတ်တရက် မြင့်တက် လာမှုကြောင့် အိမ်ထောင်စု ၂၇ စု လူဦးရေ ၁၁၂ ဦးကို ရေးဘေးလွတ်ရာ နားမခေါ်ဘုန်း ကြီးကျောင်းသို့ ပို့ဆောင်ထားကြောင်းသိရ သည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း တန့် ယန်း၊ အိုင်းရယ်၊ မိုးမိတ်၊ သီပေါ၊ ချင်းရွှေဟော် စသည့်နေရာများတွင် ရေကြီးရေလျှံမှုများဖြစ် ပွားနေကြောင်းသိရသည်။

“ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တန့်ယန်း၊ မိုင်းရယ်၊ မိုးမိတ်၊ သီပေါ၊ ချင်းရွှေဟော်တို့ ဘက်မှာရေကြီးနေတဲ့ဟာတွေကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ကို သွားရောက်ကူညီ ပေးဖို့ အစည်းအဝေးမှာ ပြောထားပြီးပါပြီ။ သူတို့အချိန်နှင့်တပြေးညီထောက်ပံ့ကူညီနေ ပါတယ်။ ချင်းရွှေဟော်ဘက်ကလည်း နမ့် တွင်းနန်းချောင်းဖြစ်တာ မှန်ပေမယ့်လည်း အဲဒီဘက်က ချက်ချင်းရေပြန်ကျသွားတော့ မိသားစုသုံးလေးစုကို ချင်းရွှေဟော်မြို့ အုပ်ချုပ်ရေးမှူးက ထောက်ပံ့ထားသလို၊ မိုးမိတ် ဘက်မှာ ရေလွှမ်းလို့ စပါးစိုက်ခင်းတွေဧက ၃၀၀ ကျော် ၄၀၀ နီးပါလောက် နစ်မြုပ်ပြီး တော့ ပျက်စီးမယ့်အနေအထားရှိတာကြောင့် ကျွန်တော်တို့က လိုအပ်တဲ့သွင်းအားစုတွေ၊မျိုးတွေနှင့် တခြားသီးနှံပြောင်းစိုက်ဖို့ အကုန် လုံး စီမံထားရှိပြီးပါပြီ။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ကလည်း ပစ္စည်းကိုးမျိုး ထောက်ပံနေပါတယ်။ စာရင်းအတိအကျက ကျွန်တော့်ဆီမရောက်လာ‌သေးပါဘူး ”ဟုရှမ်းပြည်နယ်မြောက်ပိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးကျော်သူဇော် က ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးတွင်းကာလ တောင်ပြိုမှုများ ၊တောင်ကျချောင်းရေ ရုတ်တရက်ကျလာပြီး ရေကြီးရေလျံမှုများ နှင့် တရုတ်နိုင်ငံက မြစ်ဖျားခံလာသော မြစ်များအတွင်း ရေးကြီးခြင်းများ ဖြစ်ပေါ်တတ် သောဒေသဖြစ်သည်။

 

Most Read

Most Recent