၂၀၂၀ ပြည့်နှစ် ဇွန်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၉၁ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၀၁၉ ခုနှစ် မေလနောက်ပိုင်း ပထမဦးဆုံးအကြိမ် ရှစ်ရာခိုင်နှုန်းအောက်ကျဆင်း

၂၀၂၀ ပြည့်နှစ် ဇွန်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၉၁ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၀၁၉ ခုနှစ် မေလနောက်ပိုင်း ပထမဦးဆုံးအကြိမ် ရှစ်ရာခိုင်နှုန်းအောက်ကျဆင်း
Published 13 August 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် ဇွန်တွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၇ ဒသမ ၉၁ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၀၁၉ ခုနှစ် မေလ နောက်ပိုင်း ပထမဦးဆုံးအကြိမ် ရှစ်ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ကြောင်းနှင့် ပြီးခဲ့သည့် ၁၂ လဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်း ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် ဇွန်တွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်ပြီး၂၀၂၀ ပြည့်နှစ် မေလ၏ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၃၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်း ပွမှုနှုန်း အနည်းငယ်ဆက်လက်ကျဆင်းလာ ခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေး ဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့ သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့်  နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ  မတ်၊ ဧပြီ၊ မေနှင့် ဇွန်တွင် ပြန်လည် ကျဆင်းခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အ ခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဇွန်အထိ တစ်နှစ် ပျမ်းမျှ ၇ ဒသမ ၉၁ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၇၁ ရာခိုင်နှုန်း ဖြင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး မန္တလေးမြို့တွင် ၁၂ ဒသမ ၁၃ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး ဖြစ်ခဲ့ကာ နေပြည်တော်တွင် ၉ ဒသမ ၈၃ ရာခိုင်နှုန်းဖြင့် တတိယ အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇွန်အထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်း ဒေသကြီးတွင် ၉ ဒသမ ၂၇ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်တွင် အနုတ် သုည ဒသမ ၅၁ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်၌ နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက် ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဇွန်အထိ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၉၁ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ် မေအထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွ မှုနှုန်း ၈ ဒသမ ၃၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါ က သုည ဒသမ ၄၄ ရာခိုင်နှုန်း ကျဆင်းလာကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအထိ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံ ခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ နှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ နှစ်) တွင် လက်ရှိဖြစ်ပေါ်နေသည့်  ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေးမူဝါဒ များအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေး ကိစ္စရပ်များကို မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent