တက္ကသိုလ်ဝင်ခွင့် အောင်စာရင်းများကို Online မှ ထုတ်ပြန်ပြီးနောက် သက်ဆိုင်ရာစာစစ်ဌာန ဖွင့်လှစ်သော ကျောင်းများသို့ လာရောက်ကြည့်ရှုသူ မရှိသလောက်နည်းပါး

တက္ကသိုလ်ဝင်ခွင့် အောင်စာရင်းများကို Online မှ ထုတ်ပြန်ပြီးနောက် သက်ဆိုင်ရာစာစစ်ဌာန ဖွင့်လှစ်သော ကျောင်းများသို့ လာရောက်ကြည့်ရှုသူ မရှိသလောက်နည်းပါး
၂၀၁၉-၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်ခွင့် အောင်စာရင်းကို တွေ့ရစဉ်
၂၀၁၉-၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်ခွင့် အောင်စာရင်းကို တွေ့ရစဉ်
Published 11 August 2020
သီဟအောင်၊ မျိုးထက်ပိုင်

၂၀၁၉-၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် အောင်စာရင်းများကို Online မှ ထုတ်ပြန်ပြီးနောက် သက်ဆိုင်ရာစာစစ်ဌာန ဖွင့်လှစ်သောကျောင်းများတွင် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေကွာခြား၍ ကြည့်ရှုနိုင်ရန် သြဂုတ် ၁၀ ရက်တွင် စီစဉ်ထားရှိသော်လည်း လာရောက်ကြည့်ရှုသူ မရှိသလောက် နည်းပါးခဲ့သည်။

အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာန ဖွင့်လှစ်သောကျောင်းများတွင် ယခင်နှစ်များကဲ့သို့ ကပ်ထားခြင်းမရှိဘဲ လာရောက်ကြည့်ရှုမှသာ ပြသပေးပြီး ရန်ကုန်တိုင်းအတွင်းရှိ သက်ဆိုင်ရာကျောင်းများသို့ လာရောက်ကြည့်ရှုသူ သုံးလေးဦးခန့်သာရှိကြောင်း သိရသည်။

“ကိုယ်သိချင်တာကို ဝက်ဘ်ဆိုက်က ရှာလို့ရတယ်။ အရင်လိုတိုးဝှေ့နေစရာ မလိုတော့ဘူး။ အဲဒီစနစ်ကိုတော့ ပိုကြိုက်တယ်။ကျောင်းတွေမှာလည်း တာဝန်က ဆရာ ဆရာမတွေ ညဂျူတီမရှိတော့ဘူး။ အောင်စာရင်းက ကပ်မထားဘူး။ လာကြည့်လို့ရှိရင် ကြည့်တဲ့ကလေးကိုသာကြည့်ချင်တဲ့ ခုံနံပါတ် ပြပေးတယ်။ အခုအချိန်အထိတော့ ဆရာမကြီးတို့ကျောင်းကို တစ်ယောက်မှ လာမကြည့်သေးဘူး” ဟု အ.ထ.က(၅)တာမွေ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်စိုးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းအချို့တွင် နံနက် ၉ နာရီမှစတင်ကာ အောင်စာရင်းများ လာရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားရှိသော်လည်း တစ်ဦးမျှလာရောက်ကြည့်ရှုကြခြင်း မရှိကြောင်း၊ အောင်စာရင်းများကြည့်ရှုနိုင်ရန် ရက်အကန့်အသတ်မထားရှိကြောင်း၊ နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း သက်ဆိုင်ရာကျောင်းများသို့ သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

COVID-19 ကာကွယ်ထိန်းချုပ်တားဆီးရေး အဓိကဦးစားပေးဆောင်ရွက်နေရသော ကာလဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို သတ်မှတ်ရက်တွင် ကြေညာရာ၌ ယခင်နှစ်များကဲ့သို့ စာစစ်ဌာနများနှင့် အခြေခံပညာ အထက်တန်းကျောင်းများတွင် လုံးဝ (လုံးဝ) ကပ်ထားခြင်းမပြုဘဲ ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်များဖြစ်သော www.moe.gov.mm နှင့် www.myanmarexam.org တို့တွင် ကြည့်ရှုနိုင်ရန် သြဂုတ် ၉ ရက် နံနက် ၁၂ နာရီခွဲမှစတင်ကာ အသိပေးထုတ်ပြန်ကြေညာခဲ့သည်။

တက္ကသိုလ်ဝင်ခွင့် အောင်စာရင်းမျာကို ဝက်ဘ်ဆိုက်မှ ထုတ်ပြန်ကြေညာသည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် မရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်။ SKYNET Education Channel တို့မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ထုတ်ပြန်ကြေညာပေးခဲ့သည်။

Online မှ အောင်စာရင်းထုတ်ပြန်ပြီး  နောက်တစ်နေ့ သြဂုတ် ၁၀ ရက်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ၊ လမ်းညွန်ချက်များနှင့်အညီ သက်ဆိုင်ရာစာစစ်ဌာန ဖွင့်လှစ်သောကျောင်းများတွင် ဖြန့်ဝေပေးထားသည့် သက်ဆိုင်ရာစာစစ်ဌာန၏ အောင်စာရင်းများကို ကျောင်းအုပ်ကြီးနှင့် တာဝန်ကျဆရာ ဆရာမများ၏ ကြီးကြပ်မှုဖြင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာခြား၍ ကြည့်ရှုနိုင်ရန် နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ကြည့်ရှုခွင့်ပြုရန်အတွက် စီစဉ်ထားရှိခဲ့သည်။

ထို့ပြင် အသက်အရွယ်ကြီးရင့်သူ (အသက် ၆၀ နှင့်အထက်) နှင့် နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ ကင်ဆာ၊ အဆုတ်၊ အသည်း စသည့်)၊ နေမကောင်းသောသူများ (ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့် COVID-19 ရောဂါ သံသယလက္ခဏာများရှိသူများ) နှင့် လွန်ခဲ့သော ၁၄ ရက်အတွင်း COVID-19 အတည်ပြုလူနာတစ်ဦးဦးနှင့် နီးကပ်စွာထိတွေ့ခဲ့မှု ရှိသူများကို အောင်စာရင်းကြည့်ရှုရန် ကျောင်းသို့လာရောက်ခြင်း လုံးဝခွင့်မပြုကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့အတူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းနှင့် အောင်လတ်မှတ်ထုတ်ပေးခြင်း၊ အဖြေလွှာပြန်လည်စစ်ဆေးပေးရန် လျှောက်ထားခြင်း အစီအစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် ထပ်မံအသိပေးကြေညာသွားမည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက် ရာခိုင်နှုန်း ၃၂ ဒသမ ၀၆ အောင်မြင်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူမှာ ရန်ကုန်မြို့ အ.ထ.က (၁) ဒဂုံမှ ကျောင်းသူ မမေသက်ထွန်းဖြစ်ပြီး စုစုပေါင်းရမှတ် ၅၅၂ ဖြင့် အောင်မြင်သည်။

 

Most Read

Most Recent