ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ယှဉ်ပြိုင်ကစားရမည့် အက်သလက်တီကို အသင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ (၂)ဦး တွေ့ရှိ
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည့် အက်သလက်တီကိုအသင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ (၂)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲကို ကွာတားဖိုင်နယ်အဆင့်မှစ၍ နောက်ဆုံးဗိုလ်လုပွဲအထိ ပေါ်တူဂီနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ပြီး အက်သလက်တီကိုအသင်းသည် ကွာတားဖိုင်နယ်၌ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အက်သလက်တီကိုအသင်းသည် လိုက်ပ်ဇစ်နှင့်ပွဲကို သြဂုတ် (၁၃)တွင် ယှဉ်ပြိုင်ရမည်ဖြစ်၍ သြဂုတ်(၁၀)ရက်တွင် ပေါ်တူဂီသို့ ထွက်ခွာရန် စီစဉ်ထားသော်လည်း သြဂုတ်(၉)ရက်၌ ဗိုင်းရပ်စ်စစ်ဆေးမှုရလဒ် ထွက်ပေါ်လာရာတွင် Positive ဖြစ်သူ (၂)ဦးရှိနေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
အက်သလက်တီကိုအသင်းက ပေါ်တူဂီသို့ သွားရောက်မည့်အဖွဲ့ထဲမှ (၂)ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းသာ ထုတ်ပြန်ခဲ့ပြီး ကစားသမားလား၊ အသင်းဝန်ထမ်းလားဆိုသည်ကိုမူ အတိအကျ ဖော်ပြခဲ့ခြင်းမရှိပေ။
သို့သော် အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူ (၂) ဦးကို နေအိမ်၌ သီးခြားနေထိုင်စေခိုင်းထားကြောင်း သိရသည်။

အက်သလက်တီကိုအသင်း၏ ထုတ်ပြန်ချက်တွင် ''သြဂုတ်လ (၈)ရက် စနေနေ့မှာ UEFA က ညွှန်ကြားထားတဲ့အတိုင်း လစ္စဘွန်းကို သွားမယ့်သူတွေအားလုံးကို လေ့ကျင့်ရေးကွင်းမှာ ဗိုင်းရပ်စ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ အဖြေထွက်လာတော့ Positive ဖြစ်သူ (၂)ဦးရှိနေတယ်လို့ သိရှိရပြီး သူတို့ကို နေအိမ်တွေမှာ သီးသန့်နေခိုင်းထားပါတယ်။ ပြီးတော့ ဒီအကြောင်းကို UEFA၊ စပိန်ဘောလုံးအဖွဲ့ချုပ်၊ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်၊ စပိန်အားကစားကောင်စီ၊ စပိန်နဲ့ ပေါ်တူဂီကျန်းမာရေးတာဝန်ရှိသူတွေဆီ ချက်ချင်းအကြောင်းကြားခဲ့ပါတယ်။ ဒီ(၂) ဦးနဲ့ ဆက်စပ်မှုရှိသူတွေကို ထပ်ပြီးစစ်ဆေးဖို့လည်း လုပ်ဆောင်နေပါတယ်။ ဒီကိစ္စက အသင်းရဲ့ လေ့ကျင့်မှုအစီအစဉ်တွေနဲ့ ခရီးစဉ်အတွက် ပြင်ဆင်မှုတွေကို အပြောင်းအလဲတွေတော့ ဖြစ်သွားစေခဲ့ပါတယ်။ UEFA နဲ့ ပူးပေါင်းပြီး အစီအစဉ်သစ်တွေ လုပ်ဆောင်သွားမှာဖြစ်သလို၊ ဒီအကြောင်းကိုလည်း မကြာခင် အသိပေးသွားမှာပါ''ဟု ပါရှိခဲ့သည်။
အက်သလက်တီကိုအသင်းသည် ဇူလိုင်(၂၆)နှင့် သြဂုတ် (၂)ရက်နေ့တို့တွင် ပြုလုပ်ခဲ့သော ဗိုင်းရပ်စ်စစ်ဆေးမှုများ၌ Negative အဖြေထွက်ခဲ့သော်လည်း ပေါ်တူဂီသို့ မထွက်ခွာမီ နောက်ဆုံးစစ်ဆေးမှုတွင်မူ Positive (၂)ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ခရီးမထွက်မီ စစ်ဆေးမှုထပ်မံပြုလုပ်ရမည့် အခြေအနေဖြစ်လာခဲ့သလို၊ ကစားသမားထဲမှ ကူးစက်ခံရခြင်းဖြစ်ပါက ယင်းကစားသမားများကို အသုံးပြုနိုင်မည်မဟုတ်ပေ။















