ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းမှုကို ကုစားနိုင်မည့် Cash for Work စီမံကိန်းကို နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် ဆောင်ရွက်ပြီး လုပ်သား ၂ ဒသမ ၇ သန်းခန့်အတွက် လုပ်အားခ ကျပ် ၁၄၉၂၈ သန်း ရရှိမည်

ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းမှုကို ကုစားနိုင်မည့် Cash for Work စီမံကိန်းကို နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် ဆောင်ရွက်ပြီး လုပ်သား ၂ ဒသမ ၇ သန်းခန့်အတွက် လုပ်အားခ ကျပ် ၁၄၉၂၈ သန်း ရရှိမည်
Published 9 August 2020

ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေလျော့နည်းမှုကို ကုစားနိုင်မည့် Cash for Work စီမံကိန်းကို နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်သား ၂ ဒသမ ၇ သန်းခန့်အတွက် လုပ်အားခ ကျပ် ၁၄၉၂၈ သန်း ရရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးမည်ဖြစ်သည်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပစ္စည်းဝယ်ယူမှု ရာခိုင်နှုန်း ၄၀ နှင့် လုပ်အားခ ရာခိုင်နှုန်း ၆၀ အချိုး မျှော်မှန်းထားပြီး ကျေးရွာတစ်ရွာအတွက် အကျိုးခံစားခွင့်ရရှိမည့် အိမ်ထောင်စုများအား စုစုပေါင်း ပေးချေမည့်လုပ်အားခသည် ကျပ်သိန်း ၆၀ ခန့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ Cash for Work စီမံကိန်းကို နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါကျေးရွာများရှိ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လုပ်သားအရေအတွက် ၂ ဒသမ ၇ သန်းခန့်အတွက် လုပ်အားခ စုစုပေါင်း ကျပ် ၁၄၉၂၈ သန်းခန့် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

Cash for Work စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သော အကျိုးခံစားခွင့်ရှိသည့် အိမ်ထောင်စုများအား လုပ်အားခပေးချေရာ၌ ကျွမ်းကျင်လုပ်သားများအတွက် ဒေသပေါက်စျေးအတိုင်း ပေးချေရမည်ဖြစ်ပြီး ရိုးရိုးလုပ်သားများအတွက် လုပ်အားခ အနိမ့်ဆုံးနှုန်း ၄၈၀၀ ကျပ်မှ ကျပ် ၆၀၀၀ အထိ သတ်မှတ်ထားသည်။

သို့သော်လည်း လုပ်သားတစ်ဦးလျှင် ပျှမ်းမျှလုပ်အားခနှုန်းထား တစ်ရက်လျှင် ကျပ် ၅၄၀၀ နှုန်း ရရှိမည်ဖြစ်သည့်အတွက် ကျေးရွာတစ်ရွာတွင် တစ်ရက်လျှင် လုပ်သား ၃၅ ယောက်နှုန်းဖြင့် ခန့်မှန်း အလုပ်လုပ်ရက်ပေါင်း ၃၀ ခန့်ဖြင့် လုပ်သားအင်အား ၁၁၀၀ ခန့်အတွက် အကျိုးခံစားခွင့် ရရှိစေမည်ဖြစ်သည်။

Cash for Work စီမံချက်တွင် ပါဝင်ဆောင်ရွက်ရန်အတွက် လုပ်သားများရွေးချယ်ရာတွင် ပျမ်းမျှ တစ်အိမ်ထောင်လျှင် တစ်ဦးနှုန်း ပါဝင်ဆောင်ရွက်နိုင်ရန် လျာထားကြောင်း သိရသည်။

အခြေခံကျသော ရွေးချယ်ရေး စံနှုန်းများဖြစ်သည့် ဆင်းရဲနွမ်းပါးသောအိမ်ထောင်စု၊ အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စု၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်နှင့် သက်ကြီးရွယ်အိုများ ပါဝင်သော မိသားစု၊ ပုံမှန်အလုပ်အကိုင်မရှိသော အိမ်ထောင်စုဝင်များမှ လုပ်သားများကို ဦးစားပေး ရွေးချယ်မည်ဖြစ်သည်။

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း တွေ့ကြုံရသော အခက်အခဲများအတွက် နိုင်ငံတော်က ရေးဆွဲဆောင်ရွက်လျက်ရှိသော COVID-19 ကာလ စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan (CERP) အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ COVID-19 ကာလအရေးပေါ်တုံ့ပြန်ရေး အစီအစဉ် (Conringency Emergency Response Component) တစ်ခုအဖြစ် Cash for Work စီမံကိန်းကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများ ချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်သည်။

Cash for Work ဆိုသည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံနေရသော ကျေးလက်ဒေသများရှိ မိသားစုများ၏ ဝင်ငွေရရှိရေးလုပ်ငန်း ထိခိုက်မှုဖြစ်ပေါ်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများကို ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရုံသာမက ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေသည့် စီမံကိန်းအမျိုးအစား ဖြစ်သည်။

Cash for Work စီမံကိန်းအတွက် ကျေးရွာဖွံ့ဖြိုးမှုလုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ရမည်ဖြစ်ပြီး စီမံကိန်းကာလ သုံးလတာအတွင်း ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သည်။