ရီးယဲလ်မက်ဒရစ်ကိုကျော်ဖြတ်နိုင်ခြင်းမှာ ခြေလှမ်းတစ်ရပ်သာဖြစ်ပြီး ဗိုလ်စွဲလိုပါက အသင်းကြီးများကိုအနိုင်ယူရမည်ဟု ဂွါဒီယိုလာ တိုက်တွန်း

ရီးယဲလ်မက်ဒရစ်ကိုကျော်ဖြတ်နိုင်ခြင်းမှာ ခြေလှမ်းတစ်ရပ်သာဖြစ်ပြီး ဗိုလ်စွဲလိုပါက အသင်းကြီးများကိုအနိုင်ယူရမည်ဟု ဂွါဒီယိုလာ တိုက်တွန်း
Photos : AFP
Photos : AFP
Published 9 August 2020

မန်စီးတီးအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ကွာတားဖိုင်နယ်သို့ သုံးရာသီဆက်တိုက် တက်ရောက်ခွင့်ရခဲ့ပြီး ဂျူဗင်တပ်စ်အသင်းအား ကျော်ဖြတ်လာသည့် လိုင်ယွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။



မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် ရီးယဲလ်မက်ဒရစ်အသင်းကို ကျော်ဖြတ်နိုင်ခြင်းမှာ ခြေလှမ်းတစ်ရပ်သာဖြစ်ပြီး အနိုင်ရဗိုလ်စွဲလိုပါက အသင်းကြီးများကို အနိုင်ယူရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

မန်စီးတီးနှင့် ရီးယဲလ်အသင်းတို့၏ ချန် ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲကို မန်ချက်စတာမြို့ရှိ အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ အိမ်ရှင်မန်စီးတီးအသင်းက (၂-၁) ဂိုးဖြင့် ထပ်မံအနိုင်ယူပြီး နှစ်ကျော့ပေါင်း (၄-၂) ဂိုးဖြင့် ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရခဲ့သည်။ မန်စီးတီးအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ကွာတားဖိုင်နယ်သို့ သုံးရာသီဆက်တိုက် တက်ရောက်ခွင့်ရခဲ့ပြီး ဂျူဗင်တပ်စ်အသင်းအား ကျော်ဖြတ်လာသည့် လိုင်ယွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မန်စီးတီးအသင်းသည် ရီးယဲလ်အသင်း နှင့် မတွေ့ဆုံခင်ကတည်းက ဗိုလ်စွဲရန် ရေပန်းအစားဆုံးအဖြစ် တောက်လျှောက်ရပ်တည်နေသော်လည်း ဂွါဒီယိုလာက "ဒီရလဒ်က တော်တော်အရေးကြီးပါတယ်။ ကျွန်တော်တို့က သူတို့ကို နှစ်ကြိမ်စလုံး အနိုင်ရခဲ့တာပါ။ ဇီနဒင်းဇီဒန်းက ရှုံးထွက်ပွဲတွေမှာ တစ်ခါမှ မရှုံးဖူးပါဘူး။ သူတို့ကစားပုံနဲ့ တည် ငြိမ်မှုကိုကြည့်ရင် သူတို့ဘယ်လောက်ကောင်းသလဲဆိုတာ ခင်ဗျားတွေ့ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီနေရာကိုရောက်နေတာ ချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့ ကြိုးစားနေတာပါ။ ဒါက ခြေလှမ်းတစ်ခုပါ။ ဒီရလဒ်က လုံလောက်သွားပြီလို့ တွေးလိုက်ရင် ကျွန်တော်တို့က ဘယ်လောက်သေးသိမ်လဲဆိုတာ ပြလိုက်သလိုပါပဲ။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုရင် အသင်းကြီးတွေကို အနိုင်ယူရမှာပါ။ ကျွန်တော်တို့ အခြေအနေကို ပိုပြီးအားရကျေနပ်လာပါပြီ။ ဒီကစားသမားတွေက ပေါ်တူဂီကိုသွားပြီး နောက်တစ်ဆင့်အတွက် ထပ်ပြီးကြိုးစားရမှာပါ။ ကျွန်တော်တို့အနိုင်ယူခဲ့တာက ဘယ်လိုအသင်းမျိုးလဲဆိုတာ အတိအကျသိပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent